ကာဘူးလ်မြို့၌ နေတိုးတပ်ဖွဲ့ယာဉ်တန်းကို အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် အရပ်သား ၃ဦးသေဆုံး

By AFP
25 September 2017
ကာဘူးလ်မြို့၌ နေတိုးတပ်ဖွဲ့ယာဉ်တန်းကို အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် အရပ်သား ၃ဦးသေဆုံး

ကာဘူးလ်၊ အာဖဂန်နစ္စတန်၊ စက်တင်ဘာ ၂၅ ။             ။ အာဖဂန်နစ္စတန်နိုင်ငံ ကာဘူးလ်မြို့တွင် ပြီးခဲ့သော တနင်္ဂနွေနေ့မနက်ပိုင်း၌ နေတိုးတပ်ဖွဲ့ယာဉ်တန်းကို အသေခံဗုံးဖောက်ခွဲသူတစ်ဦးက ဗုံးခွဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သား ၃ဦးသေဆုံးခဲ့သော်လည်း ယာဉ် တန်း၌ ပါဝင်လာကြသော ဒိန်းမတ်တပ်သားများ ထိခိုက်ခဲ့ခြင်းမရှိကြောင်း တာဝန်ရှိသူများက ပြောခဲ့သည်။

အာဖဂန်နစ္စတန်အနောက်ပိုင်းရှိ ကာဘူးလ်မြို့တွင်ဖြစ်ပွားခဲ့သော ထိုတိုက်ခိုက်မှုသည် ၎င်းတို့၏လက်ချက်ဖြစ် ကြောင်း တာလီဘန်များက ကြေညာခဲ့သည်။

“မနက် ၁၁:၀၂ နာရီလောက်မှာ အသေခံကားဗုံးဖောက်ခွဲသူဟာ ကာဘူးလ်မြို့ရဲ့ အက်ဖ်ရှာရပ်ကွက်မှာ နိုင်ငံခြားသားတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ စစ်ယာဉ်တန်းကို ဗုံးခွဲတိုက်ခိုက်ခဲ့ပါတယ်” ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ နာဂျစ်ဒန်နစ်ရှ်က ပြောခဲ့သည်။

“ကံမကောင်းစွာနဲ့ပဲ အာဖဂန်အရပ်သား ၃ဦးဟာ ထိုတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရပါတယ်” ဟု သူကဆက် ပြောခဲ့သည်။

နေတိုးတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဘီလ်ဆယ်လ်ဗင်က ၎င်းတို့၏စစ်ယာဉ်တန်း တိုက်ခိုက်ခံရကြောင်းကို အတည်ပြုပြောကြားခဲ့သည်။

“ပေါက်ကွဲမှုကြောင့် ကျနော်တို့ရဲ့တပ်သားတွေ ထိခိုက်ဒဏ်ရာရတာမရှိခဲ့ပါဘူး” ဟု သူက ပြောခဲ့သည်။

သို့သော်လည်း တာလီဘန်အကြမ်းဖက်သမားများက ၎င်းတို့၏လက်ချက်ကြောင့် အသေအပျောက်ရှိခဲ့သလို အမေရိကန်တပ်သား ၁၆ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း တွစ်တာ၌ ပုံကြီးချဲ့ရေးသားခဲ့ကြသည်။  

ပြီးခဲ့သောစက်တင်ဘာလ ၁၃ရက်နေ့ကလည်း ကာဘူးလ်မြို့ရှိ ခရစ်ကတ်ကစားကွင်းအနီး၌ အသေခံဗုံးခွဲသူ ၏လက်ချက်ကြောင့် ရဲတစ်ဦးအပါအဝင် လူ ၃ဦးသေဆုံးခဲ့ပြီး ၅ဦးခန့် ဒဏ်ရာရရှိခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံ၌ အမေရိကန်တပ်သား ၈၄၀၀ အပါအဝင် နေတိုးတပ်ဖွဲ့အင်အား ၁၃၀၀၀ ခန့်ရှိပြီး တပ်ကူသည့်အနေဖြင့် နောက်ထပ်တပ်သား ၃၀၀၀ ကို ထပ်မံဖြည့်တင်းသွားရန် စီစဉ်ထားကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags