ရန်ကုန်မြို့ရှေးဟောင်းအမွေအနှစ်များကို ဖော်ပြထားသည့် လမ်းညွှန်ဆိုင်းဘုတ်များ စိုက်ထူ

ရန်ကုန်မြို့ရှေးဟောင်းအမွေအနှစ်များကို ဖော်ပြထားသည့် လမ်းညွှန်ဆိုင်းဘုတ်များ စိုက်ထူ
ဓာတ်ပုံ - သူရ/ မဇ္ဈိမ

 

ရန်ကုန်၊စက်တင်ဘာ၂၅ ။                 ။ ရန်ကုန်မြို့ရှေးဟောင်းအမွေအနှစ်အဆောက်အဦများကို ဖော်ပြထားသည့် လမ်းညွှန်ဆိုင်းဘုတ် ၁၅ ခုကို ရန်ကုန်မြို့တွင်း စိုက်ထူခဲ့ကြောင်း သိရသည်။

မဟာရန်ကုန်ဖွံ့ဖြိုးရေးစီမံကိန်းမှ ရန်ကုန်မြို့ရှေးဟောင်းအမွေအနှစ်အဆောက်အဦများကို ဖော်ပြထားသော လမ်းညွှန်မြေပုံဖွင့်လှစ်သည့်အခန်းအနားကို ယနေ့စက်တင်ဘာလ၂၅ရက်နေ့တွင် မြို့တော်ခန်းမရှေ့၌ ပြုလုပ်ခဲ့သည်။

၎င်းမြေပုံတွင် ရှေးဟောင်းအမွေအနှစ်အဆောက်အဦးများ၊ ဘုရားပုထိုးနေရာများ၊ ပန်းခြံများ၏ နေရာများကို ဖော်ပြထားသည်။

"မိမိသွားလိုတဲ့နေရာတွေကို အလွယ်တကူရှာဖွေသိရှိနိုင်အောင် ကူညီပေးမှာဖြစ်တဲ့အတွက် အကျိုးရှိတဲ့ရလဒ်တစ်ရပ်အနေနဲ့ တွေ့မြင်ရမှာဖြစ်ပါတယ် ။ ဒီလိုနိုင်ငံတကာအဖွဲ့အစည်းတွေနဲ့   ပေါင်းပြီးတော့ ကျွန်တော်တို့ရန်ကုန်မြို့တော်အဆင့်မြှင့်တင်အောင် ကဏ္ဍစုံကနေ ပူးပေါင်း ဆောင်ရွက်ပေးတဲ့အတွက် ဂျိုက်ကာအဖွဲ့ကို အများကြီးကျေးဇူးတင်ပါတယ်"ဟု ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။

ယခုအစီစဉ်ကို ဂျပန်နိုင်ငံ JICA အဖွဲ့အစည်းနှင့် ရန်ကုန်ရှေးဟောင်းအမွေအနှစ်အဆောက်အဦ ထိမ်းသိမ်းရေးအဖွဲ့အစည်းတို့မှ မြို့တော်စည်ပင်နှင့်ပူးပေါင်းကာ ဆောင်ရွက်ခြင်းဖြစ်သည်။

အဆိုပါလမ်းညွှန်မြေပုံစိုက်ထူခြင်းသည် မဟာရန်ကုန်ဖွံ့ဖြိုးရေးစီမံကိန်း ၂၀၄၀၏ အစိတ်အပိုင်း တစ်ခုဖြစ်သည့်အပြင် ရန်ကုန်မြို့သာယာလှပရေးလုပ်ငန်းများလည်း ဆက်လက်ဆောင်ရွက်ရန် ရှိနေသည်ဟု သိရသည်။

ရန်ကုန်မြို့မဟာစီမံကိန်းကို ၂၀၁၃ခုနှစ်တွင် ဂျိုက်ကာအဖွဲ့နှင့်ပူးပေါင်းရေးဆွဲခဲ့ပြီး ၂၀၁၆ခုနှစ်တွင် သက်ဝင်လှုပ်ရှားရန်ကုန်မြို့၏လမ်းမများအစီစဉ်ကို အကောင်ထည်ဖော်ဆောင်ရွက်ခဲ့သည်။

၎င်းအစီအစဉ်၌ နိုင်ငံခြားသားခရီးသွားများအပါအဝင် ပြည်သူ ၉ သောင်းကျော် ပါဝင်ဆင်နွှဲခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly