ဂျာမနီဝန်ကြီးချုပ် မာကယ် လေးကြိမ်မြောက်ဆက်တိုက် ရွေးကောက်ပွဲအနိုင်ရ

ဂျာမနီဝန်ကြီးချုပ် မာကယ် လေးကြိမ်မြောက်ဆက်တိုက် ရွေးကောက်ပွဲအနိုင်ရ

 

ဘာလင်၊ စက်တင်ဘာ ၂၅ ။                     ။ ဂျာမနီနိုင်ငံ Social Democrats ပါတီအတွက် အကြီးအကျယ် စိတ်ပျက်ဖွယ် ဖြစ်စေခြင်းနှင့် လက်ယာစွန်း Alternative for Germany ပါတီအတွက် သိသိသာသာ တိုးတက်မှု ဖြစ်ခဲ့သည့် ရွေးကောက်ပွဲနေ့တွင် ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကယ်ကသာ လေးကြိမ်မြောက်အဖြစ် ရွေးကောက်ပွဲတွင် ဆက်လက်အရွေးခံရသည်။

နိုင်ငံ၏ ခရိုင် ၂၉၉ ခရိုင်က ၂၈၅ ခရိုင် ထုတ်ပြန်ချက်အရ မာကယ်၏ Christian Democratic Union နှင့် ညီအစ်မပါတီ Bavarian Social Christian Union ပါတီတို့က မဲရလဒ် ၃၃ ဒဿမ ၁ ရာခိုင်နှုန်း အနိုင်ရကာ ၂၀၁၃ ရွေးကောက်ပွဲကထက် ရလဒ် ရှစ်မှတ်လျော့နည်းကာ ၁၉၄၉ ရွေးကောက်ပွဲနောက်ပိုင်း ဒုတိယမြောက် အဆိုးဆုံးရလဒ်တော့ ဖြစ်နေသည်။

Martin Schulz ဦးဆောင်သော Social Democratic Party က ၂၀၁၃ ကထက် ငါးမှတ်ကျော် ကျဆင်းခဲ့ကာ ၂၀ ဒဿမ ၅ ရာခိုင်နှုန်းဖြင့် ပါတီသမိုင်းတွင် အဆိုးဆုံး မဲရလဒ် ဖြစ်ခဲ့သည်။

ယခု ရွေးကောက်ပွဲတွင် ရှေ့ထွက်အောင်မြင်မှု လမ်းကြောင်းပေါ် ရောက်လာခဲ့သည့် ပါတီမှာ ပြီးခဲ့သည့် ရွေးကောက်ပွဲ၌ ဂျာမနီ Bundestag လွှတ်တော်တွင် အမတ်တစ်နေရာ ရရှိရန် အနည်းဆုံး မဲရလဒ် ငါးရာခိုင်နှုန်းပင် ပြည့်မီမှု မရခဲ့သော Alternative for Germany (Afd) ပါတီက ၁၂ ဒဿမ ၇ ရာခိုင်နှုန်း မဲအနိုင်ရခြင်း ဖြစ်သည်။

မွတ်စလင်ဆန့်ကျင်ရေးနှင့် လူဝင်မှုကြီးကြပ်ရေး တင်းကြပ်ရန် လိုလားသော Afd ပါတီ၏ ယခုကဲ့သို့ အနိုင်ရလာခြင်းသည် စစ်ပွဲဖြစ်ရာ ဆီးရီးယားနှင့် အရှေ့အလယ်ပိုင်းတို့မှ အများစုဖြစ်သော   နိုင်ငံခိုလှုံသူ ၁ ဒဿမ ၃ သန်းကျော်ကို ငြင်းပယ်သည့် ပြည်သူဦးရေ တိုးများလာခြင်းကို ပြသနေသည်။

သဘောထားတင်းမာသော Afd ပါတီ ယခုကဲ့သို့ မဲအရေအတွက် ပိုမိုရရှိလာခြင်းသည် ၁၉၅၀ ခုနှစ်များနောက်ပိုင်း ပထမဆုံးလည်း ဖြစ်သည်။

၁၂ နှစ်ကြာ ဝန်ကြီးချုပ် တာဝန် ထမ်းဆောင်လျက်ရှိသူ မာကယ်က ၎င်းအား ထောက်ခံသူများအား ပိုမိုကောင်းမွန်သည့် ရလဒ်အတွက် မျှော်လင့်ထားကြောင်း ပြောသည်။

ထိုပြင် Afd ကို ထောက်ခံမဲ ပေးကြသူ ပြည်သူများ၏ မွတ်စလင်နိုင်ငံများမှ နိုင်ငံခိုလှုံဝင်ရောက်သူများအရေးနှင့် ပတ်သက်ပြီး စိုးရိမ်မှု၊ ကြောင့်ကြမှုနှင့် ပူပန်မှုများကိုလည်း ၎င်းအနေဖြင့် နားထောင်သွားမည်ဖြစ်ကြောင်း မာကယ်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly