အချစ်နဲ့မေတ္တာ ဆက်လက်ရှင်သန်ဖို့ ဘယ်လိုထိန်းသိမ်းရမလဲ

အချစ်နဲ့မေတ္တာ ဆက်လက်ရှင်သန်ဖို့ ဘယ်လိုထိန်းသိမ်းရမလဲ

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ Dr. K Zin Thwe.

ပထမဆုံး စချစ်တတ်ချိန်မှာတော့ အချစ်က သွေးသားဆန္ဒတပ်မက်ခြင်းကို ဦးတည်ပါလိမ့်မယ်။ ဒါပေမယ့် လက်ထပ်ပြီးလို့ သားသမီးတွေမွေးဖွားပြီး အချိန်ကြာလာတဲ့အခါ သွေးသားဆန္ဒဆိုတာ ဘဝမှာ တခြားအရာတချို့လောက် အရေးမပါတော့သလို ဖြစ်လာနိုင်ပါတယ်။ သို့သော်လည်း ကလေးတွေရှိလာတာ၊ တခြားရည်မှန်းချက်တွေ ရှိနေသေးတာနဲ့ပဲ အိမ်ထောင်တစ်ခုရဲ့လင်မယား ဆက်ဆံရေးကို ချောင်ထိုးထားဖို့ မဟုတ်ပါဘူး။

ကိုယ့်အိမ်ထောင်ဘက်နဲ့ပြောဆိုကြည့်ပြီး အချစ်မလျော့အောင် ဆက်လက်ထိန်းသိမ်းနိုင်ပါ တယ်။ တိတ်ဆိတ်ခြင်းဟာ ဆက်ဆံရေးအတွက် အဆိပ်အတောက်တစ်ခုပါပဲ။ကိုယ်ခံစားနေရတာတွေ ကို အိမ်ထောင်ဘက်ဆီပြောပြပြီး သူ့ခံစားချက်တွေကို လည်းနားထောင်ပေးဖို့ အရေးကြီးပါတယ်။ဒါပေမယ့် သင့်အိမ်ထောင်ဘက်က စိတ်မပါဘဲ အခုချိန်မှာ မပြောချင်သေးဘူးဆိုရင်လည်း အချိန်ပေးလိုက်ပါ။ အတင်းအကျပ်မတိုက်တွန်းပါနဲ့။ အဲဒါက သင်တို့ကြားက ဆက်ဆံရေးကို ပိုအလှမ်းဝေးသွားစေ တာပဲရှိပါလိမ့်မယ်။ သင့်အိမ်ထောင်ဘက်က ဒီကိစ္စကို သေချာစဉ်းစားဖို့ အချိန်ပေးနိုင်တဲ့အခါမှ ဒီခေါင်းစဉ်ကို နောက်မှပြောလို့ရပါတယ်။

အတူနေလာတာကြာပြီဖြစ်တဲ့အတွက်လည်း “ချစ်တယ်”ဆိုတဲ့စကား ပြောထွက်ဖို့ မေ့လျော့နေတာမျိုး ဖြစ်စေနိုင်ပါတယ်။ အခုချက်ချင်း ပြန်အကျင့်လုပ်သင့်တဲ့အချက်ပါပဲ။ ကိုယ့်ဘက်က သူ့ကိုချစ်နေသေးရဲ့လား၊ သူနဲ့နေရတာ ပျော်ရဲ့လား ဆိုတာကို သင့်အိမ်ထောင်ဘက်က သိချင်နေမှာပါ။ အရင်ကလောက် လင်မယားကိစ္စ(လိင်ကိစ္စ) သိပ်မရှိဖြစ်ရင်တောင် အိမ်ထောင်ဘက်အပေါ်ထားရှိ တဲ့အချစ်က ပြောင်းလဲမှာမဟုတ်ပါဘူး။

အရင်ကလည်း သိထားတဲ့အတိုင်းပါပဲ၊ အချစ်ဆိုတာ လိင်ကိစ္စချည်းပဲမဟုတ်ပါဘူး။ အတူရှိနေချိန်မှာ ဖြစ်ပေါ်နေတဲ့ခံစားချက်က လိင်ကိစ္စစိတ်ကျေနပ်မှု ထက်ပိုအရေးကြီးပါတယ်။ အချင်းချင်း အတူရှိနေချိန်မှာ ဆံစကခြေဖျားအထိ အသေးအဖွဲကအစ ဂရုတစိုက်ရှိပေးပါ။ အချစ်တွေပြန် ပေါက်ဖွားလာပါလိမ့်မယ်။

သင့်စိတ်ကတောင့်တတဲ့လိင်မှုကိစ္စအတိုင်းအတာက တစ်ခါတရံမှာ အိမ်ထောင်ဘက်ရဲ့သဘောနဲ့ တူချင်မှတူ ပါလိမ့်မယ်။ ဒီကိစ္စကြောင့် နှစ်ဦးကြားမှာ ပြဿနာ မဖြစ်ပါစေနဲ့။ သင့်အိမ်ထောင်ဘက် စိတ်ကြည်နေချိန် မှာ  သင့်အတွေးတွေကို ပြောပြဖို့ကြိုးစားပါ။ နှစ်ဦးကြားမှာ အသင့်တော်ဆုံးဖြစ်မယ့် ဖြေရှင်းနည်းတစ်ခုကို အဖြေထုတ်ပါ။ ပွေ့ဖက်ခြင်းနဲ့ အနမ်းပေးခြင်းက အချစ်နဲ့ဆက်ဆံရေးမှာအရေးပါ ပါတယ်။ သင်က လိင်ကိစ္စ စိတ်မပါရင်တောင်မှ ဟိုးအရင် ချစ်သူဘဝတုန်းကအတိုင်း အိမ်ထောင်ဘက်ကို ပွေ့ဖက်ပြီး အနမ်းပေးပါ။ဒီကိစ္စတွေကို ဆွေးနွေးဖို့ မလွယ်ကူဘူးဆိုပေမယ့် လင်မယားကိစ္စဆိုတာဟာ အိမ်ထောင်သည် ဆက်ဆံရေးမှာ အရေးပါနေတဲ့အတွက် လျစ်လျူရှုမထားသင့်ပါဘူး။ ချစ်ခြင်းမေတ္တာခိုင်မာစေဖို့အတွက် သင့်အနေနဲ့ ဂရုစိုက်ထိန်းသိမ်းရပါမယ်။ အိမ်ထောင် တစ်ခုရဲ့ချစ်ခြင်းမေတ္တာ ဆက်လက်ရှင်သန်နေစေဖို့ အကောင်းဆုံးနည်းလမ်းကတော့ တတ်နိုင်သလောက် အရေးတယူဂရုစိုက်ပေးဖို့၊ အချင်းချင်း လိုအပ်ချက် ဖြည့်ဆည်းပေးဖို့ပဲ ဖြစ်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello Sayarwon မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly