မိုးသီးဇွန်ရဲ့ Solo ပန်းချီပြပွဲ

မိုးသီးဇွန်ရဲ့ Solo ပန်းချီပြပွဲ

နိုင်ငံရေးသမားတစ်ယောက်ဖြစ်တဲ့ မိုးသီးဇွန်ရဲ့ တစ်ကိုယ်တော် ပန်းချီပြပွဲကို ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်းမှာရှိတဲ့ ပန်းဆိုးတန်းဂယ်လာရီမှာ စက်တင်ဘာလ ၂၃ ရက်မှ ၂၅ ရက်အထိ ၃ရက်ကြာ ပြုလုပ်နေပါတယ်။

မိုးသီးဇွန်ကို သူ့ပန်းချီတွေနဲ့ပတ်သက်လို့ သူ့အတွေးအမြင်ကို မဇ္ဈိမက မေးမြန်းထားပါတယ်။

မေး -ပန်းချီကားတွေကို ကြည့်တဲ့အချိန်မှာ အရောင်တွဲစပ်မှုကို ခံစားရတယ်။ ဆိုတော့ ပန်းချီဆွဲတဲ့နေရာမှာ အရောင်က ဘယ်လောက်အရေးပါလဲ။ အကြောင်းအရာတွေကို ဦးစားပေးသလား၊ အရောင်တွေကို ဦးစားပေးသလား။

ဖြေ- ကျွန်တော် ပန်းချီကားတွေမှာ အရောင်တွဲဖက်မှုကို အထူးဂရုစိုက်ပါတယ်။ အရောင်စုံတွေကို ဆွဲရတာ သဘောကျတယ်။ အရောင်တွေ တွဲဖက်ပေးနိုင်မှသာ ပန်းချီကားဟာ လှပလာတယ်။ အသက်ဝင်လာတယ်လို့ကျွန်တော်မြင်တယ်။ ပန်းချီဆွဲဖို့ စိတ်ဇောသန်မိတာက မြန်မာပြည်ကို ပြန်လာမှ ဖြစ်ပါတယ်။ အရင်က ဒီလိုဖီလင်မျိုးလည်း မရှိခဲ့ဘူး။ မြန်မာပြည်ရေမြေသဘာဝနဲ့ လူတွေရဲ့ဘဝတွေက  ကျွန်တော်ကို တော်တော်သွေးဆောင်နိုင်ခဲ့တယ်။ အညာဖက်ကို ရောက်တယ်။ ထနောင်းပင်တွေ။ လက်ပံပင်၊ ထန်းပင်တွေကိုတွေ့တယ်။ ဆွဲချင်စိတ်တွေ ပေါ်လာတယ်။ စကူပေါ်မှာ ပုံကြမ်းခြစ်ကြည့်တော့ ဖြစ်မလာဘူး။ ဒီအပင်တွေဆီကို နောက်တစ်ခေါက်ထပ်သွားရတယ်။ ထန်းရွက်တွေ။ လက်ပံပွင့်၊ လက်ပံပင်၊ ထနောင်းပင်တွေရဲ့ အနာတမီကို သေချာပြန်ကြည့်ရတဲ့အထိဖြစ်ခဲ့တယ်။

အရောင်တွေ ထည့်လိုက်တော့ ပိုတောင်ဆိုးသွားတော့တယ်။ ပန်းချီဆွဲဖို့တောင် ကြောက်သွားပါတယ်။ အမေအိမ်မှာကလည်း ဘာပန်းချီကားမှ မရှိဘူး။ အိမ်က တစ်ခုခုလိုနေသလို ခံစားနေရတယ်။ ကိုယ်ကလည်း မဆွဲတတ်ဘူး။ ဒီတော့ ဗိုလ်ချုပ်ဈေးသွားပြီး ပန်းချီကား တချို့ကို ဝယ်ပြီး အမေ့အိမ်မှာ ချိတ်ပေးရင်း ပန်းချီဆွဲတာကို ရပ်လိုက်တယ်။ ဒါပေမယ့် မရဘူး။
ညသန်းခေါင်မှာ ပြန်ပြီး ဆွဲချင်လာပြန်တယ်။ လက်ပံပင် အနီနဲ့အစိမ်းရောင်။ ကျွန်တော် ဆွဲကြည့်တယ်။ ရိုက်ထားတဲ့ဓာတ်ပုံတွေကို ပြန်ကြည့်။ မကောင်းဘူး။ ကိုယ့်ဖာသာကိုယ်သိတယ်။ ဒါနဲ့ပြန်ဆွဲတယ်။

နောက်တော့ သဘာဝက မြင်နေတဲ့အတိုင်း လှနေသလောက် ပန်းချီကားမှာမြင်နေတဲ့အတိုင်း ဆွဲရင် ပြသနာတော်တော်ရှိနေတယ်။ ဒါဟာအရောင်တွဲဖက်မှု မှားနေလို့ပဲလို့သိလာတယ်။ ဒါကြောင့် အရောင်တွဲဖက်မှုဟာ အရေး ကြီးတယ်ဆိုတာ သိလာတယ်။

Primary colors တွေအတိုင်း လွှတ်ထားလို့မရဘူး။  Secondary color တွေကို ဖန်တီးယူရမယ်။ One tone တည်း ဆွဲနေရတာ တစ်မျိုးအရသာရှိသလို အရောင်ပေါင်းစုံကို ကားထဲမှာ ထည့်နိုင်အောင် ကြိုးစားရတာဟာ စိတ်ကြည်နူးမှု ရတယ်။ ကျွန်တော် ခရီးထွက်တဲ့အခါ မှာ လက်ဆွဲ သေတ္တာထဲကို လိုချင်တဲ့ပစ္စည်းတွေ အကုန်ထည့်နိုင်အောင် စနစ်တကျ လုပ်ရသလိုပေါ့။ နောက်တစ်ခုက အကြောင်းအရာ။ နိုင်ငံတကာ ပန်းချီကားတွေကို လေ့လာ ဖြစ်တယ်။ သူတို့ အကြောင်းအရာကို သိပ်ဦးစားပေးတယ်။ ကားတိုင်းမှာ အကြောင်းအရာတွေ ရှိနေကြတယ်။ ကျွန်တော် အမှိုက်ကောက်သူများဆိုတဲ့ ပန်းချီကား တစ်ခုကို ဆွဲဖြစ်တယ်။ မဲဆောက်အမှိုက်ပုံမှာ မြန်မာတွေလာပြီး အမှိုက်ကောက်စားနေရတဲ့ ဘဝကိုပေါ့။ ဗန်ဂိုးရဲ့ အာလူးစားသူများ၊ ပီကာဆို စစ်နဲ့ငြိမ်းချမ်းရေ၊ ရုရှား ပန်းချီဆရာကြီး Ilya Repin တို့ကားတိုင်းဟာ အမှုမဲ့အမှတ်မဲ့ဆွဲကြတာမဟုတ်ဘဲ အကြောင်းအအရာတစ်ခုကို သေချာ ရွေးချယ်ဆုံးဖြတ်ပြီး ဆွဲကြတယ်။ စာတန်းကြီးတစ်စောင်ကို ရေးပြသလိုပေါ့ ။

မေး-ဘဝတစ်လျှောက်မှာ ပန်းချီဆွဲတာကို ပြတ်တောင်းပြတ်တောင်း လုပ်ခဲ့ရတယ်လို့ ဆိုထားတာရှိတယ်။ ဆိုတော့ ဒီကိစ္စကို တစိုက်မတ်မတ် လုပ်ဖို့ ရှိလား။ ဆွဲခဲ့ဖူးတဲ့အထဲ မှတ်မှတ်ရရ ရှိစေတဲ့ ပန်းချီကား ရှိခဲ့ဖူးလား။ အသေးစိတ်ပြောပြပေးပါ။

ဖြေ- ကျွန်တော် ဆွဲခဲ့တဲ့ကားတွေမှာ နာဂကား၊ အောက်ချင်းငှက်နဲ့ဝက်ကလေးပုံကို ကြိုက်တယ်။ ငှက်တွေထဲမှာ ဇီးကွက်ပုံကို ကျွန်တော် မကြာခဏ ဆွဲဖြစ်တယ်။ တလောက မိသားစုလို့နာမည်ပေးထားတဲ့ ဇီးကွက် မိသားစုသစ်ခေါင်းထဲက ပုံကို ဆွဲမိတယ်။ ဦးပိန်ကားမှာ တိမ်တွေကို အဝါတွေထည့်ပြီး သုံးကြည့်တယ်။

မေး-မိုးသီးဇွန်ဆိုတာနဲ့ နိုင်ငံရေးသမားဆိုတာကို တွဲမြင်တတ်တယ်။ အခု ပန်းချီဆွဲတဲ့ မိုးသီးဇွန်အနေနဲ့ ပရိသတ်ကို ဘာပြောစရာရှိလဲ။

ဖြေ - ဒီခေတ်မြန်မာပြည်လောက် ရေးစရာကောင်းတဲ့ အကြောင်းအရာတွေပေါလှတာ ဆွဲသူနည်းပါးသေးတာကို တွေ့ရတယ်။ ရှေးခေတ်က မြန်မာပန်းချီဆရာကြီးတွေက ဘုရားတန်ဆောင်းကျောင်းပြသာဒ်တွေမှာ နိဗန်နဲ့ငရဲကြားက လူ့ဘ၀ ဖြစ်စဉ်ကို  လောဘ၊ ဒေါသ၊ မောဟ ဖုံးလွမ်းမှုတွေကို ပန်းချီနဲ့လူအဖွဲ့စည်းကို သတိပေးခဲ့ကြတယ်။ ခုခေတ်က ပန်းချီဆရာတွေ ဘာကြောင့်များ မေ့နေကြပါသလဲ။

အခုခေတ်မှာ လူငယ်ပန်းချီဆရာတွေဟာ  တော်တော်လေးကို ကောင်းလှတာကို အားရစရာတွေ့ရတယ်။ ဒါပေမယ့် သူတို့ဟာ အပြင်ကမ္ဘာနဲ့ အဆက်ပြတ်နေသလို   ဖြစ်နေကြတယ်။ ရှေးရိုးအယူဆတွေထဲ ပိတ်မိနေကြတယ်။ သူတို့ ပါရမီနဲ့လက်ရှိဘ၀ တွေကို ပေါင်းစပ်ပေးနိင်ရင် သိပ်ကောင်းမယ်။

ဒုက္ခသည်ပြသနာ၊ ဆင်းရဲမှု၊ အစွန်းရောက်အမျိုးသားရေး အန္တရာယ်၊ လွဲမှားတဲ့ ကိုယ်ကျင့်တရားအမြင်၊ ပြည်တွင်းစစ်၊ ချစားမှု၊ အာဟာရ ချို့တဲ့မှု၊ ပညာရေးနိမ့်ကျသွားမှု စတဲ့ အကြောင်းအရာတွေက ကိုယ့်အိမ်ဘေးမှာတွေ ဖြစ်ကုန်ကြပြီ။ ပန်းချီဆရာတွေ နိုးထကြပါစေလို့ဆုတောင်းတယ်။

မေး- နိုင်ငံရေးသမား မိုးသီးဇွန်နဲ့ ပန်းချီဆရာ၊ ကဗျာဆရာ မိုးသီးဇွန် ဘာကွာခြားမလဲ။

ဖြေ- ကဗျာကတော့ ကျွန်တော် အချိန်အတော်ကြာကြာ ရေးခဲ့တယ်။ ပန်းချီကတော့ ခုမှလုပ်တာ။  ကဗျာတွေ ရေးစဉ်ကလည်း အကြောင်းအရာနဲ့ နည်းစနစ်ကို တွဲဖက်သုံးခဲ့တာပဲ။ ပန်းချီရေးတော့လည်း ဒီလိုပဲ လုပ်ကြည့်ရမယ်ထင်တယ်။

ပန်းချီဆွဲတုံးက ကျွန်တော်က Glazing တွေကို ကျွန်တော် သုံးခဲ့ပါတယ်။ ဒါကတော့ Layers after layers  ဆေးတွေကို တစ်ထပ်ပြီး တစ်ထပ်ဆွဲ ကြည့်တာပါတယ်။ ဒါမှာ ပန်းချီကားဟာ ထုတည်ရှိလာတယ်လို့ထင်လာစေတယ်။ ဆွဲပြီးသားပုံပေါ်မှာ တစ်ထပ်ပြီး တစ်ထပ်၊ ထပ်ခါထပ်ခါ ဆွဲတဲ့နည်းစနစ်ပေါ့။ ဥပမာ အောက်ချင်းငှက်ဆိုပါစို့။ ကြည့်တော့အပြာနဲ့ အဝါတွေလို့နောက်ဆုံးမှာ မြင်စေတာ။ ပထမ စဆွဲတော့ အောက်မှာ အရောင်ပေါင်းစုံရှိနေကြတယ်။ ဒီအရောင်တွေက နောက်ဆုံးမြင်ရမဲ့ အရောင်နဲ့မိတ်ဖက်ဖြစ်နေကြတယ်။ ဒီတော့ ပန်းချီကားဟာ Depth ရှိလာတယ်။  ဆေးတွေ၊ အချိန်တွေ အများကြီးသုံးထားရတာပေါ့ဗျာ ။ ဆေးဖိုးနဲ့တင် တော်တော်တန်နေပါပြီ။ ဟား။  ဆီဆေးကတော့ ဆွဲရတာ အရသာရှိတယ်။ အခရိုင်းလစ်က အခြောက်မြန်တယ်။ စုတ်တံကို ဆေးရတာ သက်သာတယ်။ ဆီဆေးက ဆွဲရတာ အချိန်အတော်ကုန်တယ်။ ကျွန်တော်နဲ့မကိုက်ဘူး။

မေး-တခြားဘာများ ဖြည့်စွက်ပြောလိုပါသေးလဲ။

ဖြေ- ကျွန်တော်က ပန်းချီဆရာ မဟုတ်ဘူး။ ပရောဖက်ရှင်နယ်လည်း မဟုတ်ဘူး။ ဒီပြသနာတွေ နေ့စဉ် မြင်နေ၊ ကြားနေရလို့၊ မနေနိင်လို့၊ ဝင်လုပ်ခဲ့ရတဲ့သူ တစ်ဦးပါ။ ဒါတွေဟာ ကျွန်တော့အလုပ်မဟုတ်ပါဘူး။ ကျွန်တော်ခေါင်းထဲမှာ နိုင်ငံရေးက ငယ်ထိပ်မှာ အမြဲလိုရှိနေတယ်။ ကျွန်တော် အနုပညာသမားလည်း မဟုတ်ဘူး။ ဒါပေမယ့် အလုပ်တစ်ခုလုပ်ရင်တော့ အဲဒီ့အလုပ်မှာ အလုံးစုံ သိမြင်ချင်တယ်။ ကျွန်တော် ပန်းချီဆွဲဖို့ ပထမဆုံး စတင်တိုက်တွန်းတဲ့ ကျွန်တော့မိန်းမ လင်းလင်းကို ကျေးဇူးတင်တယ်။ ပန်းချီပြပွဲဖြစ်အောင် ကူညီပေးတဲ့ ကိုတင်မင်းထွန်း၊ ကိုအောင်သူငြိမ်း၊ ကိုမင်းလွင်၊ ကိုအောင်ဖြိုး၊ မအေးအေးခိုင်၊ မမိုးမိုးသီနဲ့ ကူညီကြသူ အားလုံးကို  အထူး ကျေးဇူး တင်ပါတယ်။

************

မိုးသီးဇွန်ရဲ့ ပန်းချီပြပွဲမှာ စိတ်ဝင်စားစရာ ပန်းချီကားတွေ ပါဝင်နေပါတယ်။ အမေရိကန်ပြည်ထောင်စု အဝေးတစ်နေရာကနေ သူ ခံစားရေးဆွဲပေးပို့လိုက်တဲ့ ပန်းချီကားတွေထဲမှာ The Death of two Flowers ဆိုတဲ့ ကချင်ဆရာမလေး ၂ ယောက် အဓမ္မပြုကျင့် အသတ်ခံရတာ၊ The Burmese are Coming ဆိုတဲ့  ဗမာလာပြီပန်းချီကားက တိုင်းရင်းသားတို့ရဲ့ စိုးရိမ်ပူပန်မှုအငွေ့အသက်တွေ၊ လက်ပန်းတောင်းအရေးမှာ သေဆုံးသွားတဲ့ ဒေါ်ခင်ခင်ဝင်း၊ ၈၈ ဖြတ်သန်းမှု အရိပ်ငွေ့ကို နာဂပုံနဲ့ ပုံဖော်တာ၊ အမျိုးသမီးအခွင့်အရေးတွေပါ ပုံဖော်ရေးဆွဲထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly