မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယအရှေ့မြောက်ပိုင်းဒေသတို့ကို ဆက်သွယ်နိုင်ရေး ခိုဟီးမားဖိုရမ်၌အလေးပေး ဆွေးနွေး

မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယအရှေ့မြောက်ပိုင်းဒေသတို့ကို ဆက်သွယ်နိုင်ရေး ခိုဟီးမားဖိုရမ်၌အလေးပေး ဆွေးနွေး

စက်တင်ဘာ ၂၄၊ ခိုဟီးမား ။               ။ အိန္ဒိယနိုင်ငံ ခိုဟီးမားမြို့တွင် ကျင်းပခဲ့သော နှစ်ရက်တာဆွေးနွေးပွဲ၌ အိန္ဒိယအရှေ့မြောက်ပိုင်းဒေသအား အိမ်နီးချင်းနိုင်ငံများဖြစ်ကြသော   မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်တို့နှင့် ဆက်သွယ်နိုင်ခြင်းမှ ရရှိလာမည့် အခွင့်အလမ်း များနှင့် အလားလာကောင်းများကို ဆွေးနွေးခဲ့သည်။

အိန္ဒိယကုန်သည်ကြီးများအသင်းနှင့် စက်မှုလုပ်ငန်းဖက်ဒရေးရှင်း (FICCI) မှ “အရှေ့မြောက်ဒေသချိတ်ဆက် ခြင်း ၂၀၁၇” ခေါင်းစဉ်ဖြင့် ကြီးမှူးကျင်းပသော လေးကြိမ် မြောက် အရှေ့မြောက်ဒေသဆက်သွယ်ခြင်း ထိပ်သီးအစည်းဝေးပွဲကို စက်တင်ဘာလ ၂၂ရက်မှ ၂၃ ရက်နေ့အထိ နာဂလန်းပြည်နယ်အစိုးရ၏ ထောက်ပံ့ မှုဖြင့် ခိုဟီးမားမြို့တွင် ကျင်းပခဲ့သည်။

ထိပ်သီးစည်းဝေးပွဲသို့ ဆွေးနွေးသူ ၁၀၀ ကျော်ခန့်တက်ရောက်ခဲ့ပြီး အိန္ဒိယအရှေ့မြောက်ပိုင်းဒေသနှင့်၎င်း၏ အိမ်နီးချင်းနိုင်ငံများကြား လမ်းပွင့်လာနိုင်ခြင်းကြောင့် ရရှိလာနိုင်မည့် အခွင့်အလမ်းများဖြစ်ကြသော ဖွံ့ဖြိုးတိုးတက်မှု၊ ကုန်သွယ်ရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုဖလှယ်ခြင်း နှင့် ဆက်သွယ်ရေးလမ်းကြောင်း တို့ အတွက် အလေးပေးဆွေးနွေးခဲ့ကြသည်။ အစည်းအဝေးပွဲသို့ တက်ရောက်ခဲ့ကြသူများမှာ အိန္ဒိယ၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း နှင့် ရုရှားနိုင်ငံတို့မှ ကိုယ်စားလှယ်များဖြစ်ကြသည်။

ယခုနှစ်တွင်ကျင်းပသော ထိပ်သီးအစည်းအဝေးပွဲ၌ အလေးထား ဆွေးနွေးခဲ့သော ကဏ္ဍများမှာ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးအတွက် အရှေ့တောင်အာရှနိုင်ငံများသို့ ဖြတ်သန်းသွားလာခွင့် လမ်းကြောင်းဖွင့်ပေးရေး၊ လိုအပ် သော ကားလမ်း၊ မီးရထားလမ်း၊ ကုန်းတွင်းပိုင်းရေကြောင်းလမ်း၊ လေဆိပ်များစသော အခြေခံအဆောက်အဦများကို မျှဝေသုံးစွဲခြင်းနှင့် ဈေးကွက်ချိတ်ဆက်ရေးတို့ ဖြစ်ကြသည်။

အိန္ဒိယလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ မစ္စတာဂါရပ်ဗ်ဂိုဂွိုင်းက “အိန္ဒိယမှာ စွမ်းရည်ရှိပါတယ်။ အရှေ့ မြောက်ဒေသမှာ စွမ်းရည်ရှိပါတယ်။ ဒါပေမယ့်အခု ထိုစွမ်းရည်တွေကို တိုးတက်မှုတစ်ခုဖြစ်အောင် ပြောင်းလဲဖို့ အချိန်ရောက်ပါပြီ။ ဒါမှမဟုတ်ရင် ဒီစွမ်းရည်တွေ အလကားဖြစ်ကုန်ပါလိမ့်မယ်” ဟု ပြောခဲ့သည်။

“ကျွန်တော်တို့မှာ အကန့်မသတ်ရှိတဲ့ အလားအလာကောင်းတွေ စွမ်းရည်တွေ ဘယ်အချိန်ထိရှိနိုင်မလဲ။ ဒီစွမ်းရည် တွေကို အောင်မြင်မှုတစ်ခုဖြစ်အောင်၊ ဒီစွမ်းရည်တွေကို ရည်မှန်းချက်ပန်းတိုင်တစ်ခုဖြစ်အောင် ပြောင်းလဲပစ် ရပါမယ်။ တိုးတက်မှုတွေလည်း ရှိလာပါတယ်။ ကျွန်တော်တို့ အဆိုးမမြင်ပဲနေကြရအောင်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများ စွာအတွင်း အရှေ့မြောက်ဒေသမှာ ဖြစ်ပေါ်လာတဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို ကျွန်တော်တို့မျက်ကွယ်မပြုဘဲ နေကြ ရအောင်” ဟု သူက ပြောခဲ့သည်။

ဒါ့အပြင် သူက လွန်ခဲ့သောဆယ်စုနှစ်အတွင်း အရှေ့မြောက်ဒေသအတွင်း၌ ဖြစ်ပေါ်လာသော အရေးပါသည့် ပြောင်းလဲမှုများကို ပြောဆိုခဲ့သလို အရှေ့မြောက်ဒေသမှ သစ်တောက်ငှက်ပွဲတော်၊ လူသွားလမ်းပေါ်၌ ကျင်းပ သော ကားပြိုင်ပွဲနှင့် မကြာခင်တွင် အိမ်ရှင်အဖြစ်ကျင်းပမည့် ဖီဖာအသက် ၁၇ နှစ်အောက် ကမ္ဘာ့ဖလားပြိုင်ပွဲ တို့ကြောင့် ခရီးသွားဧည့်သည်များအား ဆွဲဆောင်လာနိုင်ကြောင်းကိုလည်း အလေးပေးပြောကြားခဲ့သည်။

လေကြောင်းခရီးစဉ်များကို ဆယ်ဆခန့်တိုးချဲ့ခဲ့ရကြောင်း သူကဆက်ပြောခဲ့သည်။

သို့သော်လည်း စိန်ခေါ်မှုတစိတ်တဒေသမှာ အရှေ့မြောက်ပိုင်းဒေသသည် မတိုးတက်သေးသလို ဥပေဒနှင့် အမိန့်နာခံမှုအပိုင်း၌ ပြသနာများကြုံတွေ့နေရသော်လည်း ထိုပွဲတော်များကျင်းပခြင်းက အမြင်များကိုပြောင်းလဲ သွားစေနိုင်ကြောင်း မစ္စတာဂါရပ်ဗ်ဂိုဂွိုင်းက ပြောခဲ့သည်။

ဖွံ့ဖြိုးနေဆဲဒေသဖြစ်သော အရှေ့မြောက်ဒေသ၌ အဓိကကြုံတွေ့နေရသော စိန်ခေါ်မှုမှာ အလုပ်အကိုင်ပြသနာ ဖြစ်ကြောင်း သူက ပြောခဲ့သည်။ လူငယ်လူဦးရေ တိုးတက်လာခြင်းနှင့်တကွ ဘွဲ့ရပညာတတ်များ များပြားသော် လည်း အလုပ်အကိုင်ရှားပါးခြင်း သို့မဟုတ်၊ ရရှိသောအလုပ်မှာ လစာနည်းပါးခြင်း လစ်လပ်သောအလုပ်နေရာ နည်းပါးသွားခြင်းတို့ကြောင့် ဖြစ်ကြောင်း သူကဆက်ပြောခဲ့သည်။

“ခရီးသွားလာမှုလုပ်ငန်းနဲ့ အခြေခံအဆောက်အဦတည်ဆောက်ခြင်းတို့က အလုပ်အကိုင်အသစ်တွေ ဘယ်လောက်များ ကျွန်တော်တို့ဖန်တီးနိုင်မှာလဲ” ဟုလည်း သူက မေးမြန်းခဲ့သည်။

မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီးမှ တိုင်းရင်းသားရေးဝန်ကြီး ဦးစိုင်းကျော်ကျော်က အိန္ဒိယအရှေ့မြောက် ဒေသနှင့် မြန်မာတို့သည် ယဉ်ကျေးမှုတူညီကြောင်းနှင့် ယခုဆွေးနွေးမှုသည် ထိုဒေသနှစ်ခုစလုံးရှိ စီးပွားရေး နှင့် ယဉ်ကျေးမှုတို့ တိုးတက်လာအောင် ဖော်ဆောင်ရန်ဖြစ်ကြောင်း အစည်းအဝေးပွဲ၌ ပြောကြားခဲ့သည်။

ဒါ့အပြင် နာဂလန်းမှကိုယ်စားလှယ်များအား မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ပြီး ပိုမိုထိရောက်စွာ ပြောဆို ဆက်သွယ်နိုင်ဖို့ လာရောက်လေ့လာကြရန် တိုင်းရင်းသားရေးဝန်ကြီး ဦးစိုင်းကျော်ကျော်က ဖိတ်ကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ဟောင်း မစ္စတာဂေါ်တမ်မူခိုပတ်ဒယာက ဆက်တိုက်ဆိုသလိုကျင်းပနိုင်ခဲ့ သည့် ထိပ်သီးစည်းဝေးပွဲ ၄ခုကို ကြည့်ခြင်းအားဖြင့် ၎င်းတို့၏လုပ်ကိုင်နိုင်စွမ်းကို သိရှိနိုင်သလို ကမ္ဘာကြီး၏ အခြားနေရာများ၌ တွေ့ရှိရန်ခက်ခဲလှသော ဧည့်ဝတ်ကျေပျူငှာပြီး ယဉ်ကျေးသိမ်မွေ့မှုတို့ကို အရှေ့မြောက် ဒေသ၌ တွေ့ရှိနိုင်ကြောင်း ကိုယ်စားလှယ်များကို ပြောကြားခဲ့သည်။

အိန္ဒိယ၏ခေတ်ရေစီးကြောင်းအရ အရှေ့မြောက်ဒေသသည် အနှုတ်လက္ခဏာဆောင်သည့် အခြေအနေများ ရှိနေသလို စွမ်းရည်နိမ့်ကျမှု၊ အခြေခံအဆောက်အဦး လိုအပ်ချက်များ၊ လမ်းပန်းဆက်သွယ်ရေးနှင့် တယ်လီဖုန်း ဆက်သွယ်ရေး ခက်ခဲမှုများရှိနေသော်လည်း ယခုလိုထိပ်သီးစည်းဝေးပွဲကြီးကို ကျင်းပနိုင်ခြင်းက အလားအလာ ကောင်းများ၊ စွမ်းရည်များရှိနေခြင်းကို   ပြသလိုက်ခြင်းဖြစ်ကြောင်း သူကမှတ်ချက်ပေးခဲ့သည်။

မစ္စတာဂေါ်တမ်မူခိုပတ်ဒယာက ဈေးကွက်များ တိုးတက်လာရန်အတွက် အရှေ့မြောက်ဒေသအနေဖြင့် စားသုံးခြင်း၊ သုံးစွဲခြင်း၊ အသုံးပြုခြင်းတို့ထက် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် ပြောင်းလဲအာရုံစိုက်သင့်ကြောင်း အကြံပေးခဲ့သည်။

“ကုန်သွယ်ရေးနှင့် တိုးတက်ရေးမှာ အဓိကကျတဲ့ အင်ဂျင်တစ်လုံးဖြစ်တဲ့ ထုတ်ကုန်တွေကို ပိုမိုထုတ်လုပ်နိုင်ဖို့ အားစိုက်လုပ်ဆောင်ရပါမယ်” ဟု သူက ပြောခဲ့သည်။

ဆက်လက်ပြီး ဘင်္ဂလားဒေ့ရှ်၊ မြန်မာနှင့် အခြားဒေသများကို ချိတ်ဆက်လိုက်ခြင်းအားဖြင့် စီးပွားရေးလုပ်ငန်းရှင် များကြားရှိ အဆက်အသွယ်များ ပိုမိုတိုးတက်လာသင့်ကြောင်း အလေးပေးဆွေးနွေးခဲ့သည်။

“ အရှေ့မြောက်ဒေသချိတ်ဆက် ခြင်း ၂၀၁၇” ထိပ်သီးစည်းဝေးပွဲသည် နာဂလန်းပြည်နယ်တိုးတက်ရေး အတွက် ဆွေးနွေးခြင်းဖြစ်ပြီး အဓိကအားဖြင့် ထိုဒေသရှိ ခရီးသွားလာရေးကဏ္ဍကို မြှင့်တင်ရန် ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

 ယခုနှစ်တွင်ကျင်းပသည့် ထိပ်သီးစည်းဝေးပွဲသည် အိမ်နီးချင်းနိုင်ငံများဖြစ်သော မြန်မာ၊ ဘင်္ဂလားဒေ့ ရှ် တို့နှင့် လက်လှမ်းမီနိုင်အောင် ကြိုးပမ်းခြင်းဖြစ်သလို အရှေ့မြောက်ဒေသမှ ပြည်နယ်များအနေဖြင့် အခြေခံ အဆောက်အဦများ ချိတ်ဆက်နိုင်ရေး၊ ခရီးသွားလာရေးလုပ်ငန်းနှင့် လူအချင်းချင်းကြား ချိတ်ဆက်နိုင်ရေးတို့ အတွက် အဓိကထား ကျင်းပခြင်းဖြစ်သည်။

ထိပ်သီးစည်းဝေးပွဲ၏ အစောပိုင်းကဏ္ဍတွင်လည်း အိန္ဒိယအရှေ့မြောက်ပိုင်းဒေသမှ ဦးဆောင်စီးပွားရေး လုပ်ငန်းရှင်များ၊ မူဝါဒချမှတ်သူများ၊ ဗဟိုအစိုးရဝန်ကြီးဌာနမှလူများ၊ ကဏ္ဍအသီးသီးမှ ပူးပေါင်းဆောင်ရွက်ကြ သူများက ခရီးသွားလာရေးလုပ်ငန်း၊ အခြေခံအဆောက်အဦး၊ ရေဒီယိုကြေးနန်းဆက်သွယ်ရေး၊   ဆောက်လုပ် ရေးလုပ်ငန်း၊   ငွေကြေးဆိုင်ရာအဖွဲ့အစည်းတို့အတွက်   ဆွေးနွေးခဲ့ကြသလို ပြည်တွင်းလေကြောင်းသွားလာရေး၊ ကုန်းတွင်းပိုင်းရေကြောင်း သွားလာရေး၊ မီးရထားနှင့် အိန္ဒိယ၏ အိမ်နီးချင်းနိုင်ငံများနှင့် အာဆီယံဒေသတွင်း နိုင်ငံများသို့ ကားလမ်းဖြင့် ဆက်သွယ်နိုင်ရေးတို့အတွက် ဆွေးနွေးခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags