သီလဝါဆိပ်ကမ်းတွင် ဖမ်းမိသော သစ်များနှင့် ပတ်သက်သူများကို ဖော်ထုတ်ဖမ်းဆီး

သီလဝါဆိပ်ကမ်းတွင် ဖမ်းမိသော သစ်များနှင့် ပတ်သက်သူများကို ဖော်ထုတ်ဖမ်းဆီး

 

ရန်ကုန်၊ စက်တင်ဘာလ ၂၄ ။          ။ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ သီလဝါဆိပ်ကမ်း(MITT) ရှိ ပြည်ပတင်ပို့မည့် ကွန်တိန်နာ ၁၆ လုံးအတွင်းမှ ဖမ်းမိသော ပိတောက်သစ်ခွဲသား ၂၂၉ တန်ခန့်နှင့် ပတ်သက်သူ နှစ်ဦးကို ဖမ်းဆီးရမိပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

အဆိုပါ သစ်များကို  စက်တင်ဘာလ ၂၂ ရက်၊ နေ့လည် ၂ နာရီခန့်အချိန်က သတင်းအရ အကောက်ခွန်စစ် ဆေးရေး ဝန်ထမ်းများက ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်နေ ကျော်ကျော်ဇင်ပိုင် ကွန်တိန်နာ အလုံး ၂ဝ အား ဖွင့်ဖောက်စစ်ဆေးခဲ့ရာမှ ယင်းသို့ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးခံခဲ့ရသော ကွန်တိန်နာပိုင်ရှင် ကျော်ကျော်ဇင်၏ ထွက်ဆိုချက်အရ အဆိုပါ ဖမ်းဆီးရမိခဲ့သောသစ် များမှာ လှိုင်သာယာ မြို့နယ်၊ ပန်းလှိုင်ဂေါက်ကွင်းအနီးနေထိုင်သူ ဝင်းဇော်မြင့်ဆိုသူ ပိုင်သည့် ဂိုထောင်အတွင်းမှ သစ် များဖြစ်ပြီး အဆိုပါ သစ်များကို ပြည်ပသို့ မတရားမဝင်တင်ပို့ရန် ကျော်ကျော်ဇင်ပိုင် (YG Authoxzed Customs Agency) ကုမ္ပဏီအားငှားရမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဝင်းဇော်မြင့်ဆိုသူမှာ ပန်းပဲတန်းမြို့နယ်၊ သိမ်ကြီးဈေး(C)ရုံရှိ Wan May ကုမ္ပဏီတွင် အလုပ်လုပ်ကိုင်သူ ဖြစ်ပြီး Wan May ကုမ္ပဏီ၏ မန်းနေဂျင်းဒါရိုက်တာဖြစ်သူမှာ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေ အသက် ၄၃ နှစ်အရွယ် လှမျိုးဆိုသူဖြစ်ကြောင်း ကွန်တိန်နာပိုင်ရှင် ကျော်ကျော်ဇင်ဆိုသူက ထွက်ဆိုခဲ့သည်။

ထိုသို့ ှ တရားမဝင်တင်ပို့မည့် သစ်များနှင့် ပတ်သက်ပြီး ပိုင်ရှင်နှင့် ဆက်စပ်သူများကို ရဲတပ်ဖွဲ့က သိရှိရသဖြင့် Wan May ကုမ္ပဏီ၏ မန်းနေဂျင်းဒါရိုက်တာဖြစ်သူ လှမျိုးအား ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပြီး သီလဝါနယ်မြေရဲ စခန်းတွင် (ပ)၅၆/၂၀၁၇၊ ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်ရေးဥပဒေပုဒ်မ ၆(၁)ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။

သစ်များနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် ကွန်တိန်နာပိုင်ရှင် ကျော်ကျော်ဇင်ဆိုသူကိုလည်း စက်တင်ဘာလ ၂၂ ရက်နေ့၌ ကျောက်တန်းမြို့နယ်၊ သီလဝါနယ်မြေရဲစခန်းတွင် (ပ)၅၄/၂ဝ၁၇၊ ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မ- ၈ ဖြင့် အမှုဖွင့် အရေးယူထားသည်။

 လက်ရှိတွင်လွတ်မြောက်နေသည့် ဝင်းဇော်မြင့်နှင့် စပ်ဆက်ပါဝင်သူများကို ဖမ်းဆီးရမိရန် ရဲတပ်ဖွဲ့က စုံစမ်း ဆောင်ရွက်နေကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly