ပက်ရှဝါကျောင်း အစုလိုက်အပြံုလိုက်သတ်ဖြတ်မှုတွင် ပါ၀င်ခဲ့သည့် စစ်သွေးကြွများကို ပါကစ္စတန်သေဒဏ်ချမှတ်

ပက်ရှဝါကျောင်း အစုလိုက်အပြံုလိုက်သတ်ဖြတ်မှုတွင် ပါ၀င်ခဲ့သည့် စစ်သွေးကြွများကို ပါကစ္စတန်သေဒဏ်ချမှတ်
၂၀၁၄ ခုနှစ်က လူပေါင်း ၁၄၅ယောက် သေဆုံးခဲ့ရသည့် ပက်ရှ်ဝါကျောင်း တိုက်ခိုက်မှု အပါအဝင်.........

ပက်ရှ်ဝါ၊ သြဂုတ်-၁၄ ။        ။ ၂၀၁၄ ခုနှစ်က လူပေါင်း ၁၄၅ယောက် သေဆုံးခဲ့ရသည့် ပက်ရှ်ဝါကျောင်း တိုက်ခိုက်မှုအပါအဝင် တွဲဆက်တိုက်ခိုက်မှုများတွင် ပါဝင်ခဲ့သည့် တာလီဘန်စစ်သွေးကြွ ၇ ဦးကို ပါကစ္စတန်က သေဒဏ်ချမှတ်ခဲ့သည်။ နောက်ထပ် စစ်သွေးကြွတစ်ဦးကိုလည်း ထောင်တစ်သက် ပြစ်ဒဏ်ချမှတ်ခဲ့သည်ဟု ပါကစ္စတန်စစ်တပ်က ပြောကြားခဲ့သည်။

အဆိုပါ စစ်သွေးကြွ၇ဦးမှာ အများအပြားသေဆုံးခဲ့ရသော ကျောင်းတိုက်ခိုက်မှုနှင့် ဆက်နွယ်နေမှုဖြင့် ပြစ်မှုထင်ရှားကြောင်း တွေ့ရှိခဲ့သော်လည်း သေနတ်သမားအားလုံး အသတ်ခံခဲ့ရသည့် တိုက်ခိုက်မှု တွင်မူ ပါဝင်ပတ်သက်မှုမရှိဟု သိရှိရသည်။

သို့ရာတွင်ပါကစ္စတန်စစ်တပ်၏ သြဂုတ်လ ၁၃ရက်နေ့က ကြေညာချက်အရ စစ်သွေးကြွများကိုပါကစ္စတန်စစ်ခုံရုံးများတွင် ကြားနာစစ်ဆေး၍ ပြစ်ဏ်ချမှတ်ခဲ့ခြင်းဖြစ်သောကြောင့် ၎င်းတို့အနေဖြင့်နိုင်ငံတော် အယူခံရုံးတွင် အယူခံလျှောက်ထားခွင့်ရှိသည်ဟု ဆိုသည်။

ပက်ရှဝါရှိ စစ်တပ်အစိုးရကျောင်းနှင့် ဒီဂရီကောလိပ်တစ်ခုကို တာလီဘန်စစ်သွေးကြွများက တိုက်ခိုက်ခဲ့ရာတွင် ကလေး ၁၃၂ယောက်၊ ဝန်ထမ်း ၁၀ယောက်နှင့် စစ်သား၃ယောက်အပါအဝင် လူ ၁၄၅ဦး အသတ်ခံခဲ့ရသည်။

ထိုအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ဖြစ်ပွားပြီး နောက်တစ်ရက်တွင် ပါကစ္စတန်အစိုးရက သေဒဏ်စီရင်မှုအပေါ် ၇နှစ်တာပိတ်ပင်ထားမှုကို ဖယ်ရှားလိုက်ပြီး အကြမ်းဖက်တိုက်ခိုက်မှု တရားခံများကို စစ်ခုံရုံးများက စစ်ဆေးနိုင်ရန်အတွက် ဖွဲ့စည်းပုံဥပဒေကိုလည်း ပြင်ဆင်ခဲ့သည်။

ဆက်တိုက်ဖြစ်ပွားနေသည့် အကြမ်းဖက်တိုက်ခိုက်မှုများကို တုန့်ပြန်သည့်အနေဖြင့် ပက်ရှဝါကျောင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအပြီး ရက်ပိုင်းအကြာတွင် ၂၀၀၈ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် လူထုရှေ့မှောက်တွင် အကြမ်းဖက်မှုတရားခံကို ကြိုးပေးကွပ်မျက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly