အမဲသွေးပင်ရင်းများအား ရှောင်တခင်စစ်ဆေးရာ ဖော်မလင်ပါ အမဲသွေး ၁သောင်းကျော် တွေ့ရှိ

အမဲသွေးပင်ရင်းများအား ရှောင်တခင်စစ်ဆေးရာ ဖော်မလင်ပါ အမဲသွေး ၁သောင်းကျော် တွေ့ရှိ
ဓာတ်ပုံ-YGN FDA

စက်တင်ဘာ ၂၄ ။                 ။ အမဲသွေးထုတ်လုပ်သော ပင်ရင်း ၄ ခုအား FDA မှ ရှောင်တခင်စစ်ဆေးခဲ့ရာ ဖော်မလင်ပါဝင်နေသော အမဲသွေး စုစုပေါင်း ၁သောင်းကျော်အား သိမ်းဆည်းရမိပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသသည်။

စက်တင်ဘာလ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် လှိုင်သာယာမြို့နယ်ရှိ အမဲသွေးထုတ်လုပ်နေသော ပင်ရင်းလုပ်ငန်း(၂)ခု၊ မြောက်ဒဂုံမြို့နယ်နှင့် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ အမဲသွေးပင်ရင်း(၂)ခုအား FDA မှ ရွေ့လျားဓါတ်ခွဲယာဉ်ဖြင့် ထပ်မံရှောင်တခင်စစ်ဆေးခဲ့ရာမှ ယင်းသို့ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

Formalin ပါဝင်နေသော အမဲသွေး ၆၀၀၀ ခန့်ကို  စက်တင်ဘာလ ၂၃ ရက်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၌ FDA မှ မီးရှို့မြေမြှုပ် ဖျက်ဆီးခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၂ ရက်က မြောက်ဒဂုံမြို့နယ်နှင့် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ အမဲသွေးပင်ရင်း(၂)ခုအား FDA မှ ရွေ့လျားဓါတ်ခွဲယာဉ်ဖြင့် ထပ်မံရှောင်တခင်စစ်ဆေးခဲ့ရာ မြောက်ဒဂုံမြို့နယ်ရှိ ပင်ရင်းလုပ်ငန်းမှာ ပိတ်သိမ်းရပ်နားထားပြီး ဒဂုံဆိပ်ကမ်းအမဲသွေးပင်ရင်းမှာ ဆက်လက်ထုတ်လုပ်နေသဖြင့် စစ်ဆေးခဲ့သော အမဲသွေးတွင် ဖော်မလင်သုံးစွဲကြောင်းတွေ့ရှိခဲ့ရခြင်းဖြစ်သည်။
၎င်းလုပ်ငန်းမှ ဖော်မလင်ပါရှိသော အမဲသွေးအရေအတွက် ၆၀၀၀ခန့်ကို သိမ်းဆည်းခဲ့ပြီး နောက်တစ်ကြိမ် ဆက်လက်ထုတ်လုပ်ရောင်းချခြင်းမပြုရန်နှင့် လုပ်ငန်းအားပိတ်သိမ်းရန် ခံဝန်ရေးထိုးခဲ့သည်ဟု ရန်ကုန် FDA မှ ထုတ်ပြန်သည်။

စက်တင်ဘာလ ၂၁ ရက်ကလည်း အင်းစိန်မြို့မဈေး၌ FDA မှ ဈေးကွက်နမူနာစစ်ဆေးခဲ့ရာ အမဲသွေးတွင် ဖော်မလင်သုံးစွဲကြောင်းတွေ့ရှိရပါ၍ ပင်ရင်းမှာ လှိုင်သာယာမြို့နယ်မှဖြစ်ကြောင်း သိရှိရသည်။

ထို့ကြောင့် လှိုင်သာယာမြို့နယ်ရှိ အမဲသွေးထုတ်လုပ်နေသော ပင်ရင်းလုပ်ငန်း(၂)ခုအား ချက်ချင်းရှောင်တခင်စစ်ဆေးခဲ့ရာ အမဲသွေးနှင့်ကြက်သွေးတို့တွင် ဖော်မလင်သုံးစွဲကြောင်း တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ လုပ်ငန်း(၂)ခုမှ ဖော်မလင်ပါရှိသော အမဲသွေးအရေအတွက် ၅၀၀၀ခန့်နှင့် ကြက်သွေး ၃၀ခန့်ကို သိမ်းဆည်းခဲ့သည်။

အဆိုပါလုပ်ငန်းအား နောက်တစ်ကြိမ် ဆက်လက်ထုတ်လုပ်ရောင်းချခြင်းမပြုရန်နှင့် လုပ်ငန်းအားပိတ်သိမ်းရန် ခံဝန်ရေးထိုးခိုင်းခဲ့ကြောင်း သိရသည်။

ယင်းနေ့မှာပင် သိမ်းဆည်းထားသော အမဲသွေးနှင့် ကြက်သွေး ၅၀၀၀ကျော်ခန့်ကို ထိန်ပင်၌ ည(၉)ခွဲခန့်တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ ဖော်မလင်တွေ့ရှိသော အမဲသွေးလုပ်ငန်း၃ ခု အား FDA မှ တရားစွဲအရေးယူမှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

ယခင်ကလည်း သီရိမင်္ဂလာဈေးအား ရှောင်တခင်ဝင်စစ်ဆေးရာ ယင်းပမာဏကဲ့သို့ ဖော်မလင်ပါဝင်သောပဲသွေးများ သိမ်းဆည်းဖျက်ဆီးခဲ့ရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly