မြောက်ကိုရီးယား ငလျင်က မြေအောက် သုညအနက်တွင် လှုပ်ခြင်းဖြစ်၍ ဖောက်ခွဲမှုကြောင့်ဖြစ်နိုင်ဟု တရုတ် ယူဆ

By AFP
23 September 2017
မြောက်ကိုရီးယား ငလျင်က မြေအောက် သုညအနက်တွင် လှုပ်ခြင်းဖြစ်၍ ဖောက်ခွဲမှုကြောင့်ဖြစ်နိုင်ဟု တရုတ် ယူဆ

ပေကျင်း၊ စက်တင်ဘာ ၂၃  ။           ။ မြောက်ကိုရီးယားတွင် အင်အား ၃ ဒဿမ ၄ အဆင့်ရှိ ငလျင်လှုပ်ရာ တိုင်းတာချက်အရ မြေအောက် သုညအနက်တွင် လှုပ်ခြင်းဖြစ်၍ ဖောက်ခွဲမှုတစ်ရပ်ကြောင့် လှုပ်သည့် ငလျင်ဖြစ်နိုင်ဖွယ် ရှိသည်ဟု တရုတ် ငလျင်တိုင်းတာရေးဌာန CENC က စက်တင်ဘာ ၂၃ ရက်တွင် ထုတ်ပြန်သည်။

ငလျင် ဗဟိုပြုရာသည်လည်း  မြောက်ကိုရီးယား၏ နျူကလီးယား စမ်းသပ်မှုကြောင့် လှုပ်ခြင်းဖြစ်သည်ဟု နောက်ပိုင်းမှ သိရသော စက်တင်ဘာ ၃ ရက်က လှုပ်ခဲ့သည့် ငလျင်ဝန်းကျင်မှာပင် ဖြစ်ကြောင်း ဆင်ဟွာသတင်းက ဖော်ပြသည်။

နိုင်ငံတကာအတွက် စိုးရိမ်စရာပွားနေရသည့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နှင့် ကင်ဂျုံးအွန်အစိုးရတို့အကြား စကားလုံးစစ်ပွဲများ တင်းမာနေစဉ် ယခု ငလျင် လှုပ်ခြင်းလည်း ဖြစ်သည်။

အဆိုပါ စက်တင်ဘာ အစောပိုင်းက မြောက်ကိုရီးယား၏ နျူကလီးယား စမ်းသပ်ခဲ့မှုသည် ခြောက်ကြိမ်မြောက်နှင့် အကြီးဆုံး နျူကလီးယား စမ်းသပ်မှု ဖြစ်ပြီး  ယင်း စမ်းသပ်ဖောက်ခွဲမှုကြောင့် တရုတ်နယ်စပ်အထိ တုန်ခါမှုဖြစ်ပေါ်သော အင်အား ၆ ဒဿမ ၃ အဆင့်ရှိ ငလျင်တစ်ခု ဖြစ်ပေါ်ခဲ့ခြင်းပဲ ဖြစ်သည်။

ထိုစမ်းသပ်မှုမှာ ဒုံးကျည်ပေါ်တင် ပစ်ခတ်စွမ်းသော ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်ခြင်း ဖြစ်သည်ဟု ပြုံယမ်းက နောက်ပိုင်းတွင်  ကြေညာသည်။ ထိုကြေညာချက်အတိုင်း ဟိုက်ဒရိုဂျင်ဗုံး အမှန် ဖြစ်နိုင် မဖြစ်နိုင်ကို မည်သည့် ပြည်ပအစိုးရကမှ လက်ခံအတည်ပြုခြင်း မရှိသေးပေ။

ယင်း လုပ်ဆောင်ချက်အား ကမ္ဘာက ရှုတ်ချပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီက ရေနံတင်ပို့မှု တင်းကြပ်ခြင်းအပါအဝင် မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုသစ်များ တစ်ညီတစ်ညွတ်တည်း ချမှတ်ခဲ့သည်။

ဟိုက်ဒရိုဂျင်ဗုံး ခေါ် H ဗုံးသည် မူလ အဏုမြူကွဲပြားခြင်းကို အခြေခံသော အက်တမ်ဗုံးထက် အဆများစွာ ပိုပြင်းသည့် အပူချိန်မြင့် နျူကလိယ အခြေခံ ဗုံးလက်နက် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly