အာဆီယံ အကောင်းဆုံးအမျိုးသမီး ဒိုင်လူကြီးဆုကို မြန်မာအမျိုးသမီးဒိုင်လူကြီး ရရှိခဲ့

အာဆီယံ အကောင်းဆုံးအမျိုးသမီး ဒိုင်လူကြီးဆုကို မြန်မာအမျိုးသမီးဒိုင်လူကြီး ရရှိခဲ့
ဓာတ်ပုံ-MFF

စက်တင်ဘာလ ၂၃ ။           ။ ၂၀၁၆ ခုနှစ် အာဆီယံ တစ်နှစ်တာ အကောင်းဆုံးဆုများ ပေးအပ်ပွဲတွင် အကောင်းဆုံး အမျိုးသမီး ဒိုင်လူကြီးဆု ကို မြန်မာနိုင်ငံမှ ဒေါ်သိန်းသိန်းအေးက ယနေ့ လက်ခံရရှိခဲ့သည်။

ဒေါ်သိန်းသိန်းအေးသည် ၂၀၁၆ ခုနှစ် ယူ-၂၀ ဖီဖာ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ကွင်းလယ်ဒိုင် အဖြစ်သွားရောက် တာဝန်ထမ်းဆောင်ခဲ့သည့် အမျိုးသမီး ဒိုင်လူကြီးတစ်ဦးဖြစ်ပြီး  အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းတွင် ပြုလုပ်လျက်ရှိသည့် ၂၀၁၆ ခုနှစ် အာဆီယံ တစ်နှစ်တာ အကောင်းဆုံးဆုများ ပေးအပ်ပွဲတွင် ရရှိခဲ့ခြင်းဖြစ်သည်။

ထို့အတူ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်သည် အာဆီယံ ဘောလုံးလောက၏ အမြင့်ဆုံးဆု တစ်ခုဖြစ်သည့် ဘောလုံးလောကအကျိုးပြု ထူးချွန်ဆု Goodwill Award ဆု ယနေ့ စက်တင်ဘာလ ၂၃ ရက်တွင် ရရှိခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ကျင်းပနေသော အာဆီယံ ဘောလုံးအဖွဲ့ချုပ် AFF ကောင်စီ အစည်းအဝေးနှင့် အာဆီယံ ဘောလုံးအဖွဲ့ချုပ် တစ်နှစ်တာ အကောင်းဆုံးဆုများ ချီးမြှင့်ပွဲသို့ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် (ဒုတိယ ဥက္ကဋ္ဌ၊ အာဆီယံဘောလုံး အဖွဲ့ချုပ်) နှင့် စီအီးအို ဦးဘုန်းနိုင်ဇော်၊ အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း တို့တက်ရောက်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly