မူးယစ်ဆေးဖြတ် မက်သဒုန်း ဆေးရည်ကို ပြည်တွင်း၌ ပထမဆုံးထုတ်လုပ်မည်

မူးယစ်ဆေးဖြတ် မက်သဒုန်း ဆေးရည်ကို ပြည်တွင်း၌ ပထမဆုံးထုတ်လုပ်မည်

နေပြည်တော်၊စက်တင်ဘာ ၂၃ ။           ။ မူးယစ်ဆေးဖြတ် မက်သဒုန်း(Methadone)ဆေးရည် ၁.၂ ဘီလီယံဖိုး  ထုတ်လုပ်ပေးရန် ကျန်းမာရေးဝန်ကြီးဌာနမှ အမှာစာကို ရရှိသောကြောင့် ယခုနှစ်ကုန်ပိုင်းတွင် ပထမဆုံးအကြိမ် ပြည်တွင်း၌ ထုတ်လုပ်မည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင်က ယခုလ ၂၁ရက်နေ့က မီဒီယာများကို ပြောသည်။

“ကုန်ကြမ်း စပြီးဝယ်ပါပြီ ။ ဒီနှစ် မကုန်ခင်မှာပဲ ထုတ်နိုင်မှာပါ။ ဖော်မြူလာလည်း ကျွန်တော်တို့ လုပ်ထားပြီးပြီ ။ စပြီးတော့ ဒီဘတ်ဂျက်ထဲမှာကို ကျန်းမာရေးဝန်ကြီးဌာနကို ရောင်းပေးမှာ”ဟု ဦးကိုကိုလွင်က ပြောသည်။

အဆိုပါ ဆေးရည် မက်သဒုန်း(Methadone)သည် မူးယစ်ဆေး ဖြတ်ခါစ လူနာများတွင် ဖြစ်ပေါ်လေ့ရှိသည့် ဆေးဖြတ်ဒဏ်ကို မခံစားနိုင်သည့် ဝေဒနာများကို တစ်နေ့ချင်း အကန့်အသတ်လေးနှင့် တိုင်းတာပြီး သောက်သုံးပါက သက်သာစေပြီး နောက်ဆုံးတွင် လုံးဝပြတ်သည့်အဆင့်သို့ရောက်ရှိမည် ဖြစ်သည်။

ကုန်ကြမ်းများလည်း ဝယ်ထားရှိကာ ထုတ်လုပ်ပြီးပါ က အစားသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)သို့ တင်ပြီးပါက ကျန်းမာရေးနှင့် အားကစားဝန်ကြီးှဌာနသို့ ရောင်းချနိုင်မည်ဖြစ်ကြောင်း အင်းစိန် BPI ဆေးဝါးစက်ရုံမှူး ဒေါက်တာအောင်ဇော်က မဇ္ဈိမသို့ ပြောသည်။

၅၀၀ ml ဆန့်သည့် ဘူးများဖြင့် ထုတ်လုပ်မည်ဖြစ်ပြီး  တစ်နှစ်ကို ဘူးရေ ၁ သိန်း ၂ သောင်း ထုတ်လုပ် သွားမည်ဟု ဒေါက်တာအောင်ဇော်က ပြောသည်။

မူးယစ်ဆေးဖြတ် မက်သဒုန်း(Methadome)ဆေးရည်ကို ယခင်က ပြည်ပမှ မှာယူတင်သွင်းရပြီး ယခု ပြည်တွင်းတွင် ပထမဆုံးထုတ်လုပ်ခြင်းလည်းဖြစ်ပါတယ်။

ဘီပီအိုင်ဆေးဝါးစက်ရုံမှ ဆေးဝါးအမျိုးအစားပေါင်း ၁၈၆မျိုး ထုတ်လုပ်နေပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးှဌာန လက်အောက်ရှိ ဆေးရုံ၊ ဆေးခန်းများ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ဆေးရုံ၊ ဆေးခန်းများနှင့် လူမှုဖူလုံရေးဆေးခန်းများကို ဖြန့်ဖြူးရောင်းချနေသည်ဟု ဒေါက်တာအောင်ဇော်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly