ကိုယ်ကျိုးရှာသည့် လွှတ်တော်ကိုယ်စားလှယ်တချို့ရှိနေဟု ဦးဝင်းထိန်သတိပေး

ကိုယ်ကျိုးရှာသည့် လွှတ်တော်ကိုယ်စားလှယ်တချို့ရှိနေဟု ဦးဝင်းထိန်သတိပေး

ရန်ကုန်၊ စက်တင်ဘာ ၂၃ ။           ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) မှ ရွေးကောက်တင်မြှောက်ထားသည့် လွှတ်တော် ကိုယ်စားလှယ်ထဲတွင် ကိုယ်ကျိုးရှာသည့် လွှတ်တော်ကိုယ်စားလှယ်တချို့ ရှိနေသည်ဟု NLD ပါတီဗဟိုအလုပ်အမှုဆောင်အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်က သတိပေး ပြောဆိုလိုက်သည်။

 ယနေ့ စက်တင်ဘာ ၂၃ ရက်နေ့ ၌ ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံးချုပ်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင်များ ၊လွှတ်တော်ကိုယ်စားလှယ်များနှင့် ပါတီအဖွဲ့ဝင်များ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲမှာ ပြောဆိုလိုက်ခြင်းလည်းဖြစ်သည်။

“ တချို့လွှတ်တော်ကိုယ်စားလှယ်တွေက ၊ ဒါ အကုန်လုံးလို့ဆိုလိုတာမဟုတ်ဘူးနော် ၊ ကိုယ့်အကျိုး အတွက် ရည်ရွယ်ပြီးတော့မှ လုပ်တဲ့ကိစ္စလေးတွေ ပေါ်လာတယ် “ ဟု ဦးဝင်းထိန်ကပြောသည်။

ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်မှုဖြင့် လွှတ်တော်ကိုယ်စားလှယ်များနှင့် ပတ်သက်ပြီးတိုင်ကြားရေးအဖွဲ့ ဖွဲ့ကာ ဒေါက်တာမျိုးညွန့်ကို တာဝန်ပေးထားကြောင်းလည်း ၎င်းကဆိုသည်။

“ အဲ့ဒီ တာဝန်ပေးလို့ တိုင်စာတွေတက်လာတဲ့အခါမှာ တိုင်စာတွေ တော်တော်များများကတော့ အခြေအမြစ်မရှိဘူး ၊ မကျေနပ်လို့ မနာလိုလို့ ၊ ကိုယ့်အတ္တနဲ့ယှဉ်ပြီးတော့ တိုင်တာတွေများတယ် ၊ တကယ်တမ်း မှန်တဲ့အမှုကတော့ အနည်းစုပါ ၊ ၅ ရာခိုင်နှုန်းတောင်မရှိဘူး ၊ သို့သော်လည်း ၅ ရာခိုင်နှုန်းဆိုရင်လည်း ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက်ကတော့ များတယ်လို့ပြောရမယ်  “ ဟု NLD ပါတီဗဟိုအလုပ်အမှုဆောင်အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်က ပြောဆိုသည်။

ထို့ကြောင့် မိမိကိုယ်ကိုယ် ဆန်းစစ်ကြရန်နှင့် လိုအပ်သလို စုံစမ်းပြီး သတိပေးသွားမည်ဖြစ်ကြောင်း လည်း ၎င်းကဆက်လက်ပြောဆိုခဲ့သည်။

ယနေ့ တွေ့ဆုံဆွေးနွေးပွဲသည် ဒုတိယအကြိမ်မြောက်တွေ့ဆုံခြင်းဖြစ်ပြီး NLD ပါတီဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး ဦးဖြိုးမင်းသိန်း ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ ၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly