ယခင်နှစ်ကာလတူထက် ပြည်ပရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံ နီးပါး ပိုမိုဟု ဒုတိယသမ္မတပြော

ယခင်နှစ်ကာလတူထက် ပြည်ပရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံ နီးပါး ပိုမိုဟု ဒုတိယသမ္မတပြော

ယခုနှစ် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံများမှ လာရောက်ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ယခင်နှစ်ကာလတူထက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံ ပိုမိုဝင်ရောက်ခဲ့ကြောင်း နိုင်ငံတော် ဒုတိယ သမ္မတ (၁) ဦးမြင့်ဆွေက ဆိုသည်။

ယခင် ၂၀၁၆-၁၇ သြဂုတ်လကုန်အထိ ပြည်ပရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁ ဘီလီယံ နီးပါးသာရှိခဲ့ရာမှ လက်ရှိဘဏ္ဍာနှစ် သြဂုတ်လအထိ ပြည်ပရင်းနှီးမြှုပ်နှံမှုပမာဏမှာ ၃ ဒသမ ၉ ဘီလီယံ နီးပါး ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ရင်းနှီးမြှုပ်နှံမှုဆိုရင် အမေရိကန်ဒေါ်လာ ၃၈၉၉ဒသမ၅၂၁ သန်းပေါ့။ တစ်နည်းအားဖြင့်  ၃ဒသမ၉ ဘီလီယံ ရင်းနှီးမြှုပ်နှံမှုရရှိပြီးဖြစ်ပါတယ်။ မနှစ်က ဒီလိုကာလတူမှာဆိုရင် ၁ ဘီလီယံနီးပါးပဲ ရတာဖြစ်ပါတယ်။ ၂ဒသမ၉ ဘီလီယံနီးပါး ရင်းနှီးမြှုပ်နှံမှုတိုးလာတဲ့ အနေအထားရှိပါတယ်" ဟု ဦးမြင့်ဆွေက ပြောကြားခဲ့သည်။

စက်တင်ဘာလ ၂၃ ရက်က ကုန်သည်စက်မှုအသင်းချုပ်တွင် ပြုလုပ်သည့် ဒုတိယသမ္မတနှင့် ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲတွင် ဒုတိယသမ္မတဦးမြင့်ဆွေက   ပြောကြားခဲ့ခြင်းဖြစ်သည်။

ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက " ခွင့်ပြုတဲ့ဟာတွေက များတယ်။ လက်တွေ လာဖို့ပဲ လိုပါတော့တယ်။ လက်တွေ့လည်း လာမယ်လို့ ယူဆရပါတယ်။ ကုန်သွယ်မှုလည်း စိတ် ဝင်စားပြီးတော့ လာပြီး ကုန်သွယ်မှုလုပ်ငန်းလုပ်မယ့်သူတွေ၊ ဝန်ဆောင်မှုကဏ္ဍမှာလည်း ရှိရင်းစွဲထက် များ လာမယ်လို့တော့ ကြားရပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းအများကြီးပေးနိုင်မယ့် လုပ်ငန်းတွေ ဖြစ်တဲ့ အတွက် လာပြီးအမြန်ဆုံးလုပ်ကိုင်ဖို့ပဲလိုပါတယ်" ဟု ဆိုသည်။

လက်ရှိ ပြည်တွင်းသို့ ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖိတ်ခေါ်ရာတွင် ဖွံ့ဖြိုးမှုနည်းပါးသည့်ဒေသများတွင် လာရောက် ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းများအား အခွန်သက်သာခွင့်များ ပိုမိုပေးအပ်ကာ တနိုင်ငံလုံး အတိုင်းအတာဖြင့် ဖွံ့ဖြိုးမှုရှိစေရန်အတွက် မူဝါဒများချမှတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြည်ပရင်းနှီးမြုှပ်နှံမှုအနေဖြင့် ယခင်ဦးသိန်းစိန်အစိုးရလက်ထက် နောက်ဆုံးဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၅-၁၆  ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၉၄၈၁ဒသမ၂၇၅ သန်း (၉.၄ ဘီလီယံကျော်) ဝင်ရောက်ခဲ့သော်လည်း လက်ရှိ NLD အစိုးရ လက်ထက် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၆၆၄၉.၈၁၂သန်း (၆.၆ ဘီလီယံကျော်) သာ ဝင်ရောက်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly