ဇုန် A တွင် သန်လျင်နှင့် ကျောက်တန်းဒေသခံအများစုကို အလုပ်အကိုင်ပေးထားဟု သီလဝါ SEZ စီမံခန့်ခွဲမှုကော်မတီဆို

ဇုန် A တွင် သန်လျင်နှင့် ကျောက်တန်းဒေသခံအများစုကို အလုပ်အကိုင်ပေးထားဟု သီလဝါ SEZ စီမံခန့်ခွဲမှုကော်မတီဆို

သန်လျင်နှင့် ကျောက်တန်းမြို့နယ်အတွင်းမှာ ဇုန်အလိုက် အကောင်အထည်ဖော်လျက်ရှိသည့် သီလဝါအထူးစီးပွားရေးဇုန်- ဇုန် A တွင် ပြည်တွင်းဝန်ထမ်းပေါင်း ၅၀၀၀ ခန့် ဝင်ရောက် အလုပ်လုပ်ကိုင်နေပြီး ၈၀ ရာခိုင်နှုန်းလောက်သည် သန်လျင်နှင့် ကျောက်တန်းမြို့နယ် ဒေသခံများဖြစ်သည်ဟု သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီက ပြုစုထားသော သတင်းအချက်အလက်များအရ သိရသည်။

“စုစုပေါင်းအလုပ်လုပ်နေတဲ့ လူဦးရေကတော့ ၅၀၀၀ လောက်ရှိတယ်။ အဲဒိ ၅၀၀၀ ထဲက ၇၇ ရာခိုင်းကသန်လျင်နဲ့ ကျောက်တန်းကဒေသခံတွေ ဖြစ်တယ်။ သန်လျင်နဲ့ကျောက်တန်းက အလုပ်သမားတွေရဲ့ အရေအတွက်ကို စာရင်းပြုစုလိုက်တာ ၇၇ ရာခိုင်နှုန်းက သန်လျင်နဲ့ ကျောက်တန်းမြို့တို့က ဖြစ်နေပါတယ်” ဟု သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ၏ တွဲဖက်အတွင်းရေးမှူး ဒေါက်တာသန်းသန်းသွယ်က မဇ္ဈိမကိုပြောသည်။

သီလဝါအထူးစီးပွားရေးဇုန်ကြီးကို ဟက်တာပေါင်း ၂၄၀၀ အကျယ်အဝန်း၌ အကောင်အထည်ဖော်တည်ဆောက်လျက် ရှိပြီး လက်ရှိအချိန်တွင် ဟတ်တာ ၂၄၀၀ ၏ ၆ ပုံ ၁ ပုံဖြစ်သည့် ၄၀၅ ဟက်တာကိုဇုန်-A အဖြစ် အကောင်အထည်ဖော် ထားပြီးဖြစ်သည်။

ဇုန်- A ဟက်တာ ၄၀၀ တွင် ဂျပန်နိုင်ငံအပါအဝင် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံကုမ္ပဏီ ၈၅ ခု၏ ရင်းနှီးမြှုပ်နှံမှုတန်ဘိုး အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ကိုခွင့်ပြုထားပြီး လက်ရှိအချိန်တွင် စက်ရုံ ၃၅ ခုသည် လည်ပတ်လျက်ရှိနေသည်ဟု သိရသည်။

ယင်းအလုပ်ရုံ ၃၅ ရုံတွင် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၅၀၀၀ ခန့်ကိုပေးထားပြီး ဇုန်-A ဟက်တာ ၄၀၀ ၌ ရင်းနှီးမြှုပ်နှံခွင့်ပြုထားပြီးဖြစ်သော လုပ်ငန်းအားလုံး လည်ပတ်နိုင်ပါက အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၄၀၀၀၀ ကျော် ပေးနိုင်မည်ဟု ဒေါက်တာသန်းသန်းသွယ် ကဆိုသည်။

အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရာတွင် အမျိုးသမီးအရေအတွက် ပိုများကြောင်း ဒေါက်တာသန်းသန်းသွယ်က ဖြည့်စွပ်ပြောဆိုထားသည်။

“အမျိုးသမီးတွေ ပိုများပါတယ်၊ ဇုန်ထဲမှာက အရုပ်ထုတ်လုပ်တဲ့ စက်ရုံတို့၊ အထည်ချုပ်နဲ့ လျှပ်စစ်ပစ္စည်းထုတ်လုပ်တဲ့ စက်ရုံတွေလည်းရှိတာကြောင့် အမျိုးသမီးတွေ အလုပ်အကိုင်ရရှိတာ ပိုများပါတယ်။ အဲဒါကြောင့် ဒီဒေသက အမျိုးသမီးတွေအတွက် ဝမ်းသာပါတယ်”

၁၀၀ရာနှုန်း ဂျပန်ရင်းနှီးမြှုပ်နှံကုမ္ပဏီဖြစ်သော Golden Dowa Eco-System Myanmar သည် လက်ရှိအချိန်တွင် မြန်မာဝန်ထမ်း ၅၀ ဦးကို အလုပ်ခန့်အပ်ပေးထားပြီး ရန်ကုန်မှ လာရောက်လုပ်ကိုင်သော ဝန်ထမ်း ၁၅ ဦးမှ လွဲ၍ ကျန်သော ဝန်ထမ်းများသည် ဒေသခံများဖြစ်သည်ဟု သိရသည်။

ဒေသခံတွေကတော့ အကြမ်းဖျင်းအား ဖြင့် ကျောက်တန်းရှိတယ်။ သန်လျင်ရှိတယ်။ နောက်ပြီး ဒီသီလဝါရွာပတ်လည်ပေ့ါနော်။ အဲဒီကလူတွေကိုခန့်ထားပါတယ်။ သူတို့ကိုတော့ ဦးစားပေးပေါ့။ ကျွန်မတို့ ဒီမှာလုပ်နေတဲ့ ဝန်ထမ်းအများစုကတော့ ဒီသီလဝါနဲ့ ကျောက်တန်းပေါ့ ဒေသခံတွေ ဒီကနေပြီးပြောင်းသွားတဲ့ သူတွေလည်းရှိတယ်။ အဲလူတွေကို ဦးစားပေးပြီးခန့်ထားပါတယ်” ဟု ဂျပန်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ Golden Dowa Eco-System Myanmar ၏ လက်ထောက်မန်နေဂျာ မမေသူထိုက်က စက်ရုံတွင်း အလုပ်အကိုင်ခန့်ထားမှုနှင့် ပတ်သက်ပြီးပြောသည်။

သီလဝါအထူးစီးပွားရေးဇုန်သည် စီးပွားရေးမြို့တော်ရန်ကုန်၏ အရှေ့တောင်ဘက် ကီလိုမီတာ ၂၀ အကွာအဝေးတွင် တည်ရှိပြီးလူဦးရေ (လေးသိန်း) နေထိုင်လျက်ရှိသော သန်လျင်မြို့နယ်နှင့် ကျောက်တန်းမြို့နယ်အတွင်းမှာ တည်ရှိသည်။

သီလဝါအထူးစီးပွားရေးဇုန်ရှိ လက်ရှိလည်ပတ်လျက်ရှိသော လုပ်ငန်းအမျိုးအစားများတွင် အထည်ချုပ်လုပ်ငန်း၊ စားသောက်ကုန်ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်း၊ လျှပ်စစ်ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းတွေ၊ မော်တော်ကားအပိုပစ္စည်းထုတ်လုပ်သည့် လုပ်ငန်း၊ ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းစသည့် စက်မှုကုန်ထုတ်လုပ်ငန်းအများစု ဝင်ရောက်ရင်းနှီးမြှုပ်နှံလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly