စစ်တွေတွင် ကယ်ဆယ်ရေးပစ္စည်းများ လာလှူသူတစ်ဦး ကြိုးဆွဲချသေဆုံးနေ

စစ်တွေတွင် ကယ်ဆယ်ရေးပစ္စည်းများ လာလှူသူတစ်ဦး ကြိုးဆွဲချသေဆုံးနေ

စစ်တွေ၊ စက်တင်ဘာ ၂၃ ရက်။    ။ ရှမ်းပြည်နယ်မှ ကယ်ဆယ်ရေးပစ္စည်းများ လာရောက် လှူဒါန်းသော အဖွဲ့ဝင်တစ်ဦး စက်တင်ဘာလ ၂၂ ရက်နေ့ ညသန်းခေါင် အချိန်က ကြိုးဆွဲချ သေဆုံးနေခဲ့ကြောင်း စစ်တွေမြို့အမှတ်(၁)ရဲစခန်းမှ သိရသည်။

“ သူတို့မနေ့ညက ၁၂ ထိစကားပြောနေခဲ့ကြတယ်။ အဲဒီနောက် နောက်တစ်ယောက်အိပ်ပျော်နေတာကို စောင်တောင် ခြုံပေးသွားတယ်ပြောတယ်။ မနက်မိုးလင်းတဲ့အခါ အပြင်က လူတွေ တအားလာကြည့်ကြတော့မှ အဲဒီလူဆင်းကြည့်တဲ့အခါမှ သေဆုံးနေတာကိုတွေ့တာ”ဟု စစ်တွေမြို့အမှတ်(၁)ရဲစခန်းမှ တာဝန်ကျအရာရှိ တစ်ဦးက ပြောသည်။

သေဆုံးသူမှာ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ စိန်ဗန်းရပ်ကွက်မှ ဦးသန်းမောင်၊ (ဘ)ဦးညို၊ အသက်(၄၅)နှစ် ဖြစ်ပြီး ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မြို့သူကြီးရပ်ကွက်တွင် ကယ်ဆယ်ရေးပစ္စည်းများလာရောက်လှူဒါန်းသော ရှမ်းပြည်နယ်တောင်ပိုင်း ကယ်ဆယ်ရေးအဖွဲ့မှ အဖွဲ့ဝင် တစ်ဦးဖြစ်ကြောင်း သိရသည်။

သေဆုံးသူနှင့် ကယ်ဆယ်ရေးအဖွဲ့ဝင် ဦးမောင်မိုးနိုင်ဆိုသူတို့သည် စက်တင်ဘာလ ၂၂ ရက်နေ့ ညသန်းခေါင် ၁၂ နာ ရီထိ စကားပြောနေခဲ့ကြသေးသည်ဟုလည်း ဦးမောင်မိုးနိုင်၏ ထွက်ဆိုချက်ကို ကိုးကား၍ ရဲအစီရင်ခံစာ တွင် ဖော်ပြပါရှိသည်။

၎င်းသေဆုံးသွားသည့် အိမ်မှာလည်း စစ်တွေမြို့ မြို့သူကြီးရပ်ကွက်ရှိ လူမနေသော အိမ်တစ်ဆောင်ကို ယင်းကယ် ဆယ်ရေးအဖွဲ့မှ ငှားရမ်းထားခြင်းဖြစ်ကြောင်း၊ ထိုအိမ်တွင်လည်း အိမ်ရှင် မည်သူတစ်ဦး တစ်ယောက်မျှမရှိကြောင်း သိရသည်။

လတ်တလောတွင် သေဆုံးသူအား စစ်တွေဆေးရုံကြီးသို့ ပို့ဆောင်ထားကာ ဆေးစစ်ဆောင်ရွက်လျှက်ရှိပြီး အမှတ်(၁) ရဲစခန်းမှ သေမှူးသေခင်းဖြင့် အမှုဖွင့်ဆောင်ရွက်ရန် စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly