တာမွေမြို့နယ် ရေအလေအလွင့်မရှိရေး စီမံကိန်း လက်မှတ်ရေးထိုး

တာမွေမြို့နယ် ရေအလေအလွင့်မရှိရေး စီမံကိန်း လက်မှတ်ရေးထိုး
ဓာတ်ပုံ-AFD

စက်တင်ဘာ ၂၂ ။           ။ တာမွေမြို့နယ် ရေပေးဝေရေးစီမံခန့်ခွဲမှု ကောင်းမွန်စေရေးအတွက် ရည်ရွယ်သော ယူရို ၁၂၅ သန်း အာမခံ သဘောတူညီမှုကို  ပြင်သစ်ဖွံ့ဖြိုးရေးအေဂျင်စီ AFD နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ( YCDC) တို့ စက်တင်ဘာ ၂၂ ရက်က လက်မှတ်ရေးထိုးခဲ့ကြသည်။

အဆိုပါ သဘောတူညီမှု စီမံကိန်းသည် စည်ပင်သာယာ ရေပေးဝေရေးဌာန နည်းပညာမြှင့်တင်ရေးနှင့် စီမံခန့်ခွဲမှု တိုးတက်ကောင်းမွန်စေရေးတို့ကို  ဦးဆုံးလုပ်ကွက်အဖြစ် တာမွေမြို့နယ်တွင် စတင်အကောင်အထည် ဖော်မည် ဖြစ်ပြီး  သုံးစွဲသူများထံ ရေမရောက်မီ လေလွင့်ဆုံးရှုံးခြင်းနှင့် စီးပွားရေးအရ ဆုံးရှုံးခြင်း non-revenue water ပြဿနာအား ကိုင်တွယ်ဖြေရှင်းရေး အတွက် ဖြစ်သည်။

ယခု စီမံကိန်းတွင် အစိတ်အပိုင်းကဏ္ဍ သုံးရပ် ပါဝင်ပြီး  ၁။ ရေပေးဝေရေးစီမံခန့်ခွဲမှုအတွက် လိုအပ်သော စက်ကိရိယာအစိတ်အပိုင်းများ တပ်ဆင်ရေး၊ ၂။ တာမွေမြို့နယ် ရေပေးဝေနိုင်မှု ခိုင်မာတောင့်တင်းရေး နှင့် ၃။ ရန်ကုန်မြို့တွင်းမှ အခြားမြို့နယ်များတွင်ပါ ဆောင်ရွက်လာနိုင်ရေး တို့ ဖြစ်သည်။

စည်ပင်သာယာအနေဖြင့် တင်ဒါခေါ်ယူကာ ရွေးချယ်သော နည်းပညာအော်ပရေတာများ၏ ပံ့ပိုးမှုဖြင့် စီမံကိန်းအား အကောင်အထည်ဖော်သွားရမည် ဖြစ်သည်။

ယခု သဘောတူညီမှု လက်မှတ်ရေးထိုးပွဲကို ရန်ကုန်စီးတီးဟောလ်တွင် ကျင်းပခဲ့ခြင်း ဖြစ်ကာ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ ပြင်သစ်သံအမတ်ကြီး Olivier Richard နှင့် ထိုင်း၊ လာအိုနှင့် မြန်မာနိုင်ငံဆိုင်ရာ AFD ဒေသတွင်းညွှန်ကြားရေးမှူး Ariana Ducreux တို့ တက်ရောက်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly