အင်းစိန်တွင် မူးယစ်ဆေးဝါး၊ သေနတ်တို့နှင့်အတူဖမ်းမိခဲ့သော ခွန်မင်းဦးမှာ PNLO မှအဖွဲ့ဝင်မဟုတ်ဟု ကြေညာ

အင်းစိန်တွင် မူးယစ်ဆေးဝါး၊ သေနတ်တို့နှင့်အတူဖမ်းမိခဲ့သော ခွန်မင်းဦးမှာ PNLO မှအဖွဲ့ဝင်မဟုတ်ဟု ကြေညာ

 

ရန်ကုန်၊ စက်တင်ဘာလ ၂၂ ။        ။ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ တည်းခိုခန်းတွင် မူးယစ်ဆေးဝါးများနှင့် သေနတ်နှင့်အတူ ဖမ်းဆီးခံ ခဲ့ ရသည့် ခွန်မင်းဦးဆိုသူမှာ PNLO မှ လုံခြုံရေးနှင့် သယ်ယူပို့ဆောင်ရေးတာဝန်ခံလုံးဝမဟုတ်ဟု ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ ယနေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်လိုက်သည်။

စက်တင်ဘာလ ၂၁ ရက်၊ ည ၉ နာရီ ၅၅ မိနစ်အချိန်တွင် ရန်ကုန်တိုင်း မူးယစ်အထူး ၄၁ မှ ရဲမှူးမြင့်အောင် ဦး ဆောင်သည့် အဖွဲ့မှ သတင်းအရ အင်းစိန်မြို့နယ်၊ လေဆိပ်ရိပ်သာလမ်းရှိ တည်းခိုခန်းအတွင်းသို့ ဝင်ရောက်ရှာ ဖွေရာ PNLO မှ လုံခြုံရေးနှင့် သယ်ယူပို့ဆောင်ရေးတာဝန်ခံ ခွန်မင်းဦးဆိုသူနှင့် အမျိုးသမီးငယ်တစ်ဦး (စိစစ် ဆဲ) တို့ကို ပစ္စတို ၁ လက်၊ ကျည် ၇ တောင့်၊ လက်ပစ်ဗုံး ၁ လုံး၊ မူးယစ်ဆေးဝါး Ice တို့အား ရှာဖွေတွေ့ရှိခဲ့ သည်ဟု လူမှုကွန်ရက် သတင်းများတွင် တွေ့ရှိရသည့်အတွက် ထိုသို့ သတင်းထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။

“ အဆိုပါ ကိုမင်းဦး ဆိုသူသည် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်၏ တပ်ဖွဲ့ဝင်တစ်ဦး (သို့မဟုတ်) အဖွဲ့ဝင်တစ်ဦး လုံးဝမဟုတ်ခဲ့ပါ။ PNLO၏ လုံခြုံရေးနှင့် သယ်ယူပို့ဆောင်ရေးတာဝန်ခံ ဖြစ်သည်ဟု ထွက်ဆို ခြင်းမှာ လုံးဝမှန်ကန်မှုမရှိဘဲ PNLO အား ခုတုံးလုပ် အသုံးချခြင်းသာဖြစ်ပါသည်” ဟု ပါရှိသည်။

ဆက်လက်ပြီး ၎င်း ထွက်ဆိုချက်အတိုင်း ဖော်ပြခြင်းသည် အပစ်ရပ်လက်မှတ်ထိုးထားသော NCA အကောင်အထည်ဖော်မှုကို ထိခိုက်စေပါသည်ဟု ဖော်ပြပါရှိသည်။

“ ထို့အပြင် PNLO တာဝန်ရှိသူ များထံမှ တရားဝင် အတည်ပြုချက်တစ်စုံတရာ မရရှိသေးဘဲ ကိုမင်းဦးသည် PNLO၏ လုံခြုံရေးနှင့် သယ်ယူပို့ ဆောင်ရေးတာဝန်ခံ ဖြစ်သည်ဟု သက်ဆိုင်ရာများက တစ်ဖက်သတ်မှတ်ယူ၍ သတင်းထုတ်ပြန်လိုက်ခြင်း သည် NCA အကောင်အထည်ဖော်မှုနှင့်အတူ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တစ်ရပ်လုံးတွင် အစိုးရ၊ တပ်မတော်တို့ နှင့် အစွမ်းကုန်ပူးပေါင်းဆောင်ရွက်နေသော မိမိတို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO၏ ဂုဏ် သိက္ခာအား တစ်စုံတရာ ထိခိုက်စေသော လုပ်ရပ်ဖြစ်ပါသည်”ဟု (PNLO) မှသတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖမ်းဆီးခံထားရသော ခွန်မင်းဦးဆိုသူအား ၂ဝ၁၃ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့တွင် ရန်ကုန်မြို့ MPC တွင် ကျင်းပသော PNLO နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC တို့ ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ရန် PNLO ကိုယ်စားလှယ်အဖွဲ့အား ထိုင်း - မြန်မာနယ်စပ်မှ ရန်ကုန်မြို့သို့ ပို့ဆောင်ပေးရန် တာဝန်ပေးအပ်ခဲ့ဖူးကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုသို့ တာဝန်ပေးအပ်ခဲ့ခြင်းမှာလည်း PNLO မှ ဥက္ကဋ္ဌဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာ၏ လုပ်ပိုင်ခွင့်၊ ကိုယ်စား လှယ်အဖွဲ့ခေါင်းဆောင်၏ လုပ်ပိုင်ခွင့်ဖြင့် ယာယီတာဝန်ပေးအပ်ခဲ့ခြင်းသာဖြစ်ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးခံထားရသော ခွန်မင်းဦးဆိုသူအား ၂ဝ၁၄ နှစ်ဦးပိုင်းမှစပြီး PNLO မှ ဦးဆောင်နာယက ဗိုလ်မှူး ကြီး ခွန်ဥက္ကာ၏ ပုဂ္ဂိုလ်ရေးအထောက်အကူတာဝန်များအပါအဝင် မည်သည့် တာဝန်ကိုမျှပေး အပ်ခဲ့ခြင်း မရှိတော့ဘဲ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)နှင့် လုံးဝပတ်သက် ဆက်နွယ်မှုမရှိတော့ ကြောင်းသိရသည်။

ထိုကြောင့် မူးယစ်ဆေးဝါး၊ လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးခံထားရသော ခွန်မင်းဦး အား ၎င်းကျူးလွန် ထားသော ပြစ်မှုများအား ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက် ရေးအဖွဲ့ချုပ် (PNLO)မှ ယနေ့ စက်တင်ဘာလ ၂၂ ရက်တွင် သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly