နေပြည်တော်၊ ကုတင်(၁၀၀၀)ဆေးရုံတွင် တစ်လလျှင် ၅၆သိန်း အကုန်ခံကာ လုံခြံုရေးဝန်ဆောင်မှု ပေးမည်

နေပြည်တော်၊ ကုတင်(၁၀၀၀)ဆေးရုံတွင် တစ်လလျှင် ၅၆သိန်း အကုန်ခံကာ လုံခြံုရေးဝန်ဆောင်မှု ပေးမည်
စက်တင်ဘာ ၂၂ရက်၊ ညနေပိုင်းက ဆေးရုံကြီးဝင်ပေါက် ဂိတ်(၁)တွင် သရုပ်ပြအစီအစဉ်အဖြစ် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(စက်တင်ဘာ ၂၂ရက်၊ ၂၀၁၇ခုနှစ်)။ ။ တစ်ရက်လျှင် အတွင်းလူနာ၊ ပြင်ပလူနာစုစုပေါင်း လူဦးရေ ထောင်ချီပြီး ဆေးကုသမှုပေးနေသည့် နေပြည်တော်ရှိ ကုတင်(၁၀၀၀)ဆံ့ ဆေးရုံကြီးတွင် လာမည့် အောက်တိုဘာ ၁ရက်ကစပြီး ပုဂ္ဂလိကပိုင် ကုမ္ပဏီတစ်ခုက လုံခြုံရေးဝန်ဆောင်မှုများ အချိန်ပြည့် ဆောင်ရွက်တော့မည် ဖြစ်သည်။

လူနာများနှင့် ဆေးရုံဝန်ထမ်းများ၏ ငွေကြေးနှင့်ပစ္စည်းများ(ဥပမာ- မော်တော်ဆိုင်ကယ်၊ လက်ကိုင်းဖုန်း စသဖြင့်) မကြာခန ပျောက်ဆုံးနေခြင်း၊ မော်တော်ကားများနှင့် ဆိုင်ကယ်များ သတ်မှတ်ထားသည့် နေရာတွင် မရပ်ဘဲ စည်းကမ်းမရှိ ရပ်နားထားခြင်းတို့အပြင် လုံခြုံရေးအားနည်းမှုကြောင့် မလိုလားအပ်သည့် ပြဿနာများ မဖြစ်ပွားစေရန် ရည်ရွယ်ကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ရံပုံငွေခွင့်ပြုချက်ဖြင့် ထိုသို့ လုံခြုံရေးဆောင်ရွက်ရန် စီစဉ်လိုက်ခြင်း ဖြစ်သည်။

အဆိုပါ လုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းကို တစ်လလျှင် ၅၆သိန်းဖြင့် ၆လကြာချိန်အထိ တင်ဒါအောင်မြင်သွားသော R.J PRO-SERVICES ဟု အမည်ရသည့် ပုဂ္ဂလိကပိုင် ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်မည် ဖြစ်သည်။

“အဓိကကတော့ ဆေးရုံကြီးရဲ့ လုံခြုံရေး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းကမ်းတွေကို ပူးပေါင်းပါဝင်ပြီးတေ့ လိုက်နာရေး၊ ဆေးကုသမှုပေးတဲ့ ဆရာဝန်တွေ၊ ဝန်ထမ်းတွေနဲ့ ဆေးကုသမှုခံယူတဲ့ လူနာရှင်တွေရဲ့ လုံခြုံရေးကို အဓိက အလေးထားပြီးတော့ ဒီစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု နေပြည်တော်ကုတင်(၁၀၀၀)ဆံ့ ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဖြစ်သူ ဒေါက်တာ သီတာလှက စက်တင်ဘာ ၂၂ရက်တွင် မီဒီယာများကို ရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါ လုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းများ စတင်ချိန်ကစပြီး ဆေးရုံကြီးသို့ လာရောက်သူများအနေဖြင့် မိမိတို့တွင် အိုင်ဒီကတ်ဒ်တစ်ခုခု(ဥပမာ- နိုင်ငံသားစိစစ်ရေးကတ်ဒ်ပြား၊ ဝန်ထမ်းကတ်ဒ်၊ ယာဉ်မောင်းလိုင်စင်)ပါရှိရမည်ဖြစ်ပြီး အဆိုပါ ကတ်ဒ်တစ်ခုခုကို သတ်မှတ်ထားသည့် လူဝင်ခွင့်၊ ယာဉ်ဝင်ခွင့်ကတ်ဒ်ပြားများဖြင့် ဆေးရုံအဝင်ဂိတ်များတွင် လဲလှယ်ပြီးမှသာ ဝင်ရောက်ခွင့် ရှိမည်ဖြစ်သည်။ လာမည့် အောက်တိုဘာလကိုမူ ပညာပေးကာလအဖြစ် သတ်မှတ်ထားသည်။

“ဆေးရုံမှာ ဂိတ်က ၃ဂိတ် ရှိပါတယ်။ အဲ့ဒီ ဂိတ် ၃ဂိတ်မှာ ကား၊ ဆိုင်ကယ်၊ လူ ဝင်ထွက်ခွင့်ကို ကတ်ဒ်စနစ်နဲ့ ထိန်းချုပ်သွားမှာ ဖြစ်ပါတယ်။ ပြီးရင် ဆေးရုံဝင်းထဲမှာရှိတဲ့ ကားပါကင်တွေမှာ ကားတွေ စနစ်တကျရပ်ဖို့နဲ့ ဆိုင်ကယ်တွေ စနစ်တကျရပ်ဖို့ လုံခြုံရေး ချထားမှာ ဖြစ်ပါတယ်” ဟု R.J PRO-SERVICES မှ မန်နေဂျင်းဒါရိုက်တာ ဦးစိုးသီဟက မဇ္ဈိမကို ပြောသည်။

သို့သော် အမှန်တကယ် အရေးပေါ် ကုသရမည့် လူနာဖြစ်နေပါက သက်ဆိုင်ရာ အိုင်ဒီကတ်ဒ်တစ်ခုခု မပါရှိခဲ့လျှင်လည်း ကုသခွင့်ပြုမည်ဟု ဒေါက်တာ သီတာလှက ဆိုသည်။

R.J PRO-SERVICES အနေဖြင့် တစ်ရက်လျှင် ဝန်ထမ်း ၄၂ဦးဖြင့် လုံခြုံရေးဆောင်ရွက်သွားမည်ဖြစ်ပြီး လှည့်ကင်းများဖြင့်လည်း ဝန်ဆောင်မှုပေးမည် ဖြစ်သည်။

ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပွားလာပါက “ကျွန်တော်တို့ကို တာဝန်ပေးထားတဲ့ နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံအုပ်ကြီးရဲ့ ကြီးကြပ်ကွပ်ကဲမှုအဖွဲ့ကို သတင်းပို့ပါမယ်။ ဒီအဖွဲ့ရဲ့ လမ်းညွှန်မှုအတိုင်း ကျွန်တော်တို့က ရဲစခန်းမှာ အမှုဖွင့်ဆိုရင်လည်း ဖွင့်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့က သူတို့ကို ဖမ်းဆီး၊ ဆီးလို့ မရဘူး။ ကျွန်တော်တို့မှာ တားပိုင်ခွင့်ပဲ ရှိတယ်” ဟု ဦးစိုးသီဟက ပြောသည်။

နေပြည်တော်ကုတင်(၁၀၀၀)ဆံ့ ဆေးရုံကြီးကို ၂၀၀၇ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ပုဂ္ဂလိက ကုမ္ပဏီဖြင့် ပထမဆုံးအကြိမ် စတင်ဆောင်ရွက်မည့် လုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းကို ပြည်သူများအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးရန် နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်းက မေတ္တာရပ်ခံသည်။

နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံ၊ အရိုးကုသဆောင်အတွင်းရှိ လူနာစောင့်တစ်ဦးထံမှ KENBO အမျိုးအစား၊ ရွှေရောင်လက်ကိုင်ဖုန်းတစ်လုံး၊ ဆင်းကဒ်နံပါတ်09-457082947၊ တန်ဖိုး (၉၉၀၀၀)ကျပ်အား ခိုးယူသူဟု ယူဆရသူကို နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၃) နယ်မြေရဲစခန်း(ပ)၇/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ဖြင့် အရေးယူဆောင်ရွက်ခဲ့ကြောင်း နေပြည်တော်ရဲတပ်ဖွဲ့က ယခုနှစ် မတ်လအတွင်း ထုတ်ပြန်ထားသည်။

နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံဝင်းအတွင်း ယခင်က ပျောက်ဆုံးခဲ့သော လက်ကိုင်ဖုန်းများနှင့်ပတ်သက်၍ ၎င်းအား ဆက်လက်စစ်ဆေးဖော်ထုတ်ရာ လက်ကိုင်ဖုန်းမျိုးစုံ ၂၉လုံး ဖော်ထုတ်သိမ်းဆည်းရရှိခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ဆေးရုံအုပ်ကြီး၏ မော်တော်ယာဉ်အား ခဲဖြင့် ပစ်ပေါက်သည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ဖူးသည်။

 

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly