အုပ်ချုပ်ရေးမှူး အပါအဝင် ဒေသခံ ၁၁ ဦးကို ကျောက်မျက်ဥပဒေဖြင့် ဖမ်းဆီးခံရသည့်အပေါ် ရှင်းလင်းပွဲပြုလုပ်

အုပ်ချုပ်ရေးမှူး အပါအဝင် ဒေသခံ ၁၁ ဦးကို ကျောက်မျက်ဥပဒေဖြင့် ဖမ်းဆီးခံရသည့်အပေါ် ရှင်းလင်းပွဲပြုလုပ်

ခန္တီးမြို့နယ်၊နန်စီပွန်ကျေးရွာ အုပ်ချုပ်ရေးမှူး အပါအဝင် ဒေသခံ ၁၁ ဦးကို ကျောက်မျက်ဥပဒေဖြင့် ဖမ်းဆီးခံခဲ့ရခြင်းနှင့်ပတ်သက်၍ ဒေသခံများက ခန္တီးမြို့၊မြို့မဘုန်းတော်ကြီးကျောင်းတွင် စက်တင်ဘာလ ၂၂ ရက်၊မွန်းလွဲ ၁ နာရီက သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

 စက်တင်ဘာလ ၁၇ ရက်၊ နံနက်ပိုင်းက နန်စီပွန်ကျေးရွာရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး နေအိမ်အပါအဝင် ဒေသခံများ၏ နေအိမ်တစ်ချို့ကို သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် မူးယစ်ဆေးသတင်းအရ ဝင်ရောက်ရှာဖွေရာတွင် မူးယစ်ဆေးဝါးမတွေ့ရှိသော်လည်း တရားမဝင်ကျောက်များ လက်ဝယ်ထားသည်ဟုဆိုကာ ကျောက်မျက်ဥပဒေပုဒ်မ ၄၂(က)၊ပုဒ်မ ၄၄ တို့ဖြင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု သတင်းစာရှင်းလင်းပွဲပြုလုပ်သည့် ဒေသခံများကဆိုကြသည်။

 အဆိုပါနန်စီပွန်ကျေးရွာသည် ကျောက်စိမ်းထွက်သည့်မှော်ဖြစ်သောကြောင့် နေအိမ်တိုင်း ကျောက်စိမ်းများရှိနေပြီး ၎င်းကျောက်စိမ်းများမှာလည်း တန်ဖိုးနည်းကျောက်များသာဖြစ်သည်ဟု ဖမ်းဆီးခံထားရသည့်မိသားစုဝင်များနှင့်သတင်းစာရှင်းလင်းပွဲကိုတက်ရောက်ခဲ့သည့် ဒေသခံအချို့က ဆိုသည်။

 နန်းစီးပွန်ကျေးရွာသည် ၂၀၁၇ခုနှစ်၊ဇန်နဝါရီလက ပြည်ထဲရေးအမည်ပေါက် တရားဝင်ရခဲ့ပြီး အိမ်ခြေ တစ်ထောင်ကျော်ရှိကြောင်းသိရသည်။ ၎င်းကျေးရွာသည် ကျောက်လုပ်ငန်း လုပ်ကိုင်ကြသူအများစု နေထိုင်ကြခြင်းဖြစ်ပြီး ယခုလို ကျောက်စိမ်းများလက်ဝယ်ထားသူများကို ဖမ်းဆီးနေခြင်းကြောင့် ဒေသခံများမှာ ဆက်လက်လာရောက်ရှာဖွေဖမ်းဆီးမည်ကို စိုးရိမ်နေကြသည်ဟုလည်း သိရသည်။

ဖမ်းဆီးခံထားရသည့်အုပ်ချုပ်ရေးမှူး၏ ဇနီး ဒေါ်ကေသီငြိမ်းက"မူးယစ်သတင်းရလို့ဆိုပြီး ဝင်ရှာတယ်။ မူးယစ်ဆေးမတွေ့တော့ ကျောက်စိမ်းတုံးလေးတွေသိမ်းပြီး ကျောက်မှုနဲ့ဖမ်းတယ်။ကျောက်ကလည်း အိမ်တိုင်းရှိတယ်။ကျောက်ထွက်တဲ့နယ်မြေ။ဒါကို ဖမ်းတယ်။အဖမ်းခံထားရတဲ့သူအားလုံးအတွက် တိုင်းအစိုးရအနေနဲ့ မှန်မှန်ကန်ကန်စစ်ဆေးဖို့တောင်းဆိုချင်ပါတယ်။"ဟုပြောသည်။

 ဖမ်းဆီးခံထားရသူများ၏ မိသားစုဝင်များနှင့်သတင်းစာရှင်းလင်းပွဲသို့တက်ရောက်လာသည့် ဒေသခံအချို့က ယခုကိစ္စကို တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကူညီဖြေရှင်းပေးရန် အသနားခံစာတင်သွားမည်ဖြစ်ကြောင်းသိရသည်။

နန်စီပွန်ဒေသခံ ဒေါ်ခင်မြစိမ်းက "ဒီလိုသာဖမ်းနေရင် အကုန်အဖမ်းခံဖို့ပဲ ရှိတယ်။ ဒီလိုဖြစ်တာ စိတ်မကောင်းဘူး။"ဟု ပြောသည်။

ခန္တီးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်ဆယ်ဆယ်နောင်က"ဒီကိစ္စကို အတတ်နိုင်ဆုံး ကူညီပေးမယ်။ စိတ်မကောင်းဘူး။"ဟုပြောသည်။

 အုပ်ချုပ်ရေးမှူး ဦးကျော်ဝေ၊ဒေါ်လီလီမြင့်၊ကိုအဲထူး၊ ကိုချစ်ဖွယ်ငြိမ်း (ခ)ချစ်ဖွယ်၊ကိုမိုးမင်းဝင်း(ခ) မိုးဝင်း၊ကိုသန်းစိန်၊ဂျိုးဇက်(ခ)မောင်မောင်၊ကိုဇော်လွင်၊ကိုဉာဏ်ထွန်းအောင်းကျားဝံ့ (ခ) အိုက်လင်း၊ကိုသန်းဝင်းတို့ထံက ကျောက်မျိုးစုံ  သက်သေခံ ပစ္စည်း စုစုပေါင်း ၄၅၆ ကီလိုဂရမ်နှင့်ကျပ်သိန်း ၉၇၅ ရှာဖွေတွေ့ရှိ ဖမ်းဆီးခဲ့ပြီး ကျောက်မျက်ဥပဒေ ၄၂(က)၊၄၄တို့ဖြင့် ဖမ်းဆီးစစ်ဆေးနေကြောင်း ခန္တီးမြို့နယ်၊မြို့မ ရဲစခန်းထုတ်ပြန်ချက်အရသိရသည်။

"ရှာတာတော့ အဓိက မူးယစ်ဆေးဝါးပါ။ မူးယစ်ဆေးမတွေ့ပေမယ့် ရှာဖွေတဲ့အချိန်မှာ တရားမဝင် ကျောက်တွေ ထားရှိတာတွေ့တာမို့ ကျောက်မျက်ဥပဒေနဲ့ဖမ်းဆီးခဲ့တာပါ။ ရဲလုပ်ငန်းပါ။"ဟု ခန္တီးမြို့မ ရဲစခန်းမှူး ဒုရဲမှူး တင့်လွင်ကပြောသည်။

ဖမ်းဆီးခံထားရသူများနှင့်မိသားစုဝင်များမှာ ယနေ့အချိန်ထိ တွေ့ခွင့်မရသေးကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly