မြန်မာ့ဒီမိုကရေစီပွဲတော် အငြိမ့်ပြိုင်ပွဲ နောက်ဆုံးပြိုင်ပွဲ နှင့် ဆုပေးပွဲ ကျင်းပ

မြန်မာ့ဒီမိုကရေစီပွဲတော် အငြိမ့်ပြိုင်ပွဲ နောက်ဆုံးပြိုင်ပွဲ နှင့် ဆုပေးပွဲ ကျင်းပ

 

ရန်ကုန် ၊ စက်တင်ဘာ ၂၂ ။                  ။ ပြန်ကြားရေးဝန်ကြီးဌာန မှ ကြီးမှူးပြီး Forever Group Co.,Ltd မှ စီစဉ်တင်ဆက်သည့် မြန်မာ့ဒီမိုကရေစီပွဲတော် အငြိမ့်ပြိုင်ပွဲ နောက်ဆုံးပြိုင်ပွဲ နှင့် ဆုပေးပွဲကို စက်တင်ဘာ ၂၁ရက်တွင် ရန်ကုန်မြို့ရှိ အမျိုးသားကဇာတ်ရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

မြန်မာ့ဒီမိုကရေစီပွဲတော် အငြိမ့်ပြိုင်ပွဲ နောက်ဆုံးအဆင့်ပြိုင်ပွဲကို စက်တင်ဘာလ ၂၀ ရက် နှင့် ၂၁ ရက်တို့တွင် ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံ၌ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး အငြိမ့်ပြိုင်ပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် အငြိမ့်အဖွဲ့ပေါင်း(၃၄)ဖွဲ့ထဲမှ ရန်ကုန် အဖွဲ့ဝင် (၅) ဖွဲ့ နှင့် မန္တလေး အဖွဲ့ဝင် (၃) ဖွဲ့ စုစုပေါင်း (၈)ဖွဲ့ကို ရွေးချယ် ယှဉ်ပြိုင်စေခဲ့ခြင်း ဖြစ်သည်။

 ပထမရက်တွင် “ဖူးသစ်ကြယ်စင်” ၊ “ရွှေညာမြေရဲ့ကြယ်ပွင့်များ” ၊ “မော်ဒယ်ဟား” ၊ “ခေတ်သစ်ကြေးမုံ” အငြိမ့်အဖွဲ့ တို့မှ ယှဉ်ပြိုင်ခဲ့ကြပြီး ဒုတိယရက်တွင် “စကားဝါမြေ” ၊ “မန်းစတား” ၊ “ဇွဲ” ၊ “လူငယ်စတား” စသည့် အငြိမ့်အဖွဲ့တို့မှ အသီးသီး ယှဉ်ပြိုင်ခဲ့ကြသည်။

မြန်မာ့ ဒီမိုကရေစီပွဲတော် အငြိမ့်ပြိုင်ပွဲတွင် အဖွဲ့လိုက်ဆု ပထမဆုကို ဇွဲ အငြိမ့်အဖွဲ့မှ ရရှိခဲ့ပြီး ၊ ဒုတိယဆု ကို  ခေတ်သစ်ကြေးမုံ အငြိမ့်အဖွဲ့ ၊ တတိယဆုကို ရွှေညာမြေရဲ့ ကြယ်ပွင့်များ အငြိမ့်အဖွဲ့တို့မှ အသီးသီး ရရှိခဲ့ကြ သည်။

ထို့ပြင် အထူးဆုများဖြစ်သည့် အကောင်းဆုံးဆိုင်းအဖွဲ့ဆုကို ခေတ်သစ်ကြေးမုံအငြိမ့်အဖွဲ့ ၊ အကောင်းဆုံး မင်သမီးဆုကို ရွှေညာမြေမှကြယ်ပွင့်မျာ အငြိမ့်အဖွဲ့ ၊ တေးသီချင်းဆုကို   မော်ဒယ်ဟားအဖွဲ့မှ တေရေးဆရာ မန္တလေးသား သူရ ၊ လူရွှင်တော်ဆု နှင့် မျိုးဆက်သစ်ဆု တို့ကို ဇွဲအငြိမ့် တို့က ရရှိခဲ့ကြသည်။

အငြိမ့်ပြိုင်ပွဲတွင် အကဲဖြတ်ဒိုင်များအဖြစ် ဆိုင်းပညာရှင် မွန်ပြည်နယ် ဦးကိုကိုနိုင်၊ တေးရေးပညာရှင် ဦးညွန့် လှိုင်လှိုင် ၊ စာပေပညာရှင် ဦးငြိမ်းမင်း၊ ဟာသ ပညာရှင် ဦးပေါစိန်(မန္တလေး)၊ ဟာသပညာရှင် ဦးမိုးဒီ၊ အက ပညာရှင် ဒေါ်အုန်းရီ ၊ အက ပညာရှင်ဒေါ်နန်းခင်မွှေးတို့က ဆောင်ရွက်ခဲ့ကြသည်။ 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly