မှော်ကျောက်စာ စာလုံးထွင်းပြိုင်ပွဲတွင် လူ့ခန္ဓာကိုယ်ထက် စာလုံးဒီဇိုင်းဆန်းသစ်မှုကို အလေးထားရန် ပန်ကြားထား

မှော်ကျောက်စာ စာလုံးထွင်းပြိုင်ပွဲတွင် လူ့ခန္ဓာကိုယ်ထက် စာလုံးဒီဇိုင်းဆန်းသစ်မှုကို အလေးထားရန် ပန်ကြားထား

စက်တင်ဘာ ၂၂ ။              ။ မှော်ကျောက်စာ စာလုံးထွင်းပြိုင်ပွဲနှင့်ပတ်သက်ပြီး လူခန္ဓာကိုယ်ပါဝင်ခြင်းထက် စာလုံးဒီဇိုင်းဆန်းသစ်မှုကို အလေးထားယှဉ်ပြိုင်စေလိုကြောင်း ယမန်နေ့ စက်တင်ဘာလ ၂၂ ရက်က ကြေညာထားသည်။

“ မှော်ကျောက်စာ ရုပ်ရှင်ဇာတ်ကားအတွက် ကြော်ငြာရန်သာဖြစ်ပါသဖြင့် လူခန္ဓာကိုယ်ပါဝင်ခြင်းထက် စာလုံးဒီဇိုင်းဆန်းသစ်မှုကို အလေးထားယှဉ်ပြိုင်လိုပါကြောင်း လေးစားစွာမေတ္တာရပ်ခံအပ်ပါသည်” ဟု ဆုရွေးချယ်ရေးအဖွဲ့က ကြေညာထားခြင်း ဖြစ်သည်။

အချို့လူများ ပါဝင်ယှဉ်ပြိုင်ရာတွင် နဖူးပေါ်ရေးခြင်း၊ လူကိုယ်တိုင် ပါဝင်ရေးသားခြင်းများအပါအဝင် မော်ဒယ်လုလုအောင်ကလည်း ကျောဘက်ခန္ဓာကိုယ်တွင် စာရေးကာ ဖော်ပြခဲ့ကြသည်။ မော်ဒယ် ချောကလျာ ၊ မင်းသွေးတို့ကလည်း ဇာတ်ကားအတွက်ကြော်ငြာပေးခဲ့ကြသေးသည်။

အဆိုပါဇာတ်ကားဖေ့ဘွတ်ခ်ပေ့ချ်မှ မှော်ကျောက်စာ စာလုံးထွင်းပြိုင်ပွဲကို ကျင်းပနေခြင်းဖြစ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်က ပြိုင်ပွဲစခဲ့ပြီး ပရိသတ်စိတ်ကြိုက်အဖြစ်ဆုံး Like အများဆုံးဆု ပထမဆု အဖြစ် စိန်နန်းတော် မှ စိန်လက်စွပ် တစ်ကွင်းနှင့် အခြားလက်ဆောင်များ အပါအဝင် အခြားဆုမဲတွေ ပါဝင်ကြောင်း ကြေညာထားသဖြင့် လူစိတ်ဝင်စားမှု မြင့်တက်နေသည်။

" မှော်ကျောက်စာ " ရုပ်ရှင်ဇာတ်ကားရဲ့ မင်းသားမြင့်မြတ် ကတော့ ဇာတ်ကားထဲမှာ ကျောက်သားပေါ်တွင် " မှော်ကျောက်စာ " ဆိုတဲ့ စကားလုံးလေးကို ရေးထွင်းခဲ့တယ်။ ပရိသတ်များကရော ဘယ်လိုပုံစံမျိုးနဲ့ " မှော်ကျောက်စာ " ဆိုတဲ့စကားလုံးကို ရေးသားပုံဖော်ချင်ပါသလဲ ???။ အရမ်းလွယ်ကူပြီး ပျော်စရာကောင်းတဲ့ ပြိုင်ပွဲလေးတစ်ခုဖြစ်မှာပါ”ဟု ရေးသားထားသည်။

လက်ရှိတွင် စက်တင်ဘာ ၂၄ ရက်နေ့အထိ ကိုယ်ပိုင်စိတ်ကူးဖြင့် ရိုက်ကူးထားသောပုံများကို လက်ခံသွားမည်ဟု သိရပြီး နိုင်ငံရေး ဘာသာရေး နှင့်ပတ်သက်သည့်ဒီဇိုင်းရေးဆွဲမှုများအား လုံးဝလက်ခံသွားမည်မဟုတ်ပါကြောင်း ဆုရွေးချယ်ရေးအဖွဲ့က အသိပေးထားသည်။

အဆိုပါဇာတ်ကား၏ မှော်ကျောက်စာ စာလုံးထွင်းပြိုင်ပွဲအတွက် မှော်ကျောက်စာဖေ့ဘွတ်ခ်ပေ့ချ်၏ Messenger သို့ ပေးပို့ထားသော ပုံများအားလုံးကို တင်ပေးသွားမည်ဖြစ်ပြီး ပုံအရေအတွက် များနေသောကြောင့် သည်းခံစောင့်ဆိုင်းပေးရန် ပရိသတ်သို့ ပန်ကြားထားသည်။

မှော်ကျောက်စာ ရုပ်ရှင်ဇာတ်ကားကို ဝတ္ထု ခူးခူး ၊ ဇာတ်ညွှန်း အင်ကြင်းဟန်နှင့် မြင့်ဦးဦးမြင့် တို့က ရေးသားထားပြီး  ဒါရိုက်တာ ဝင်းထွန်းထွန်း ရိုက်ကူးပုံဖော်ပြီး သူထူးစံ ၊ မြင့်မြတ် ၊ ထွန်းထွန်း ၊ ဖြိုးငွေစိုး ၊ ရွှေမှုံရတီ ၊ မေမြင့်မိုရ် တို့က ပါဝင်သရုပ်ဆောင်ထားသည်။

၂၀၁၆ ခုနှစ် အကယ်ဒမီ ထူးချွန်ဆုပေးပွဲတွင် အကောင်းဆုံး ရုပ်ရှင်အသံဆု ရရှိခဲ့သည့် ရုပ်ရှင်ဇာတ်ကား ဖြစ်ပြီး Myanmar Media 7 ကုမ္ပဏီမှ ထုတ်လုပ်ထားခြင်းဖြစ်ကာ လာမည် အောက်တိုဘာလတွင် တစ်နိုင်ငံလုံးသို့ ပြသသွားမည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly