တိမ်းရှောင်လာကြသူများအား နေရပ်အမြန်ပြန်ကြရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တိုက်တွန်း

တိမ်းရှောင်လာကြသူများအား နေရပ်အမြန်ပြန်ကြရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တိုက်တွန်း
ဓာတ်ပုံ - စိုးသူရ

 

ရန်ကုန်၊ စက်တင်ဘာ ၂၂ ။            ။ ဘူးသီးတောင်၊ မောင်တောဒေသမှ နေရပ်စွန့်ခွာတိမ်းရှောင်လာကြသူများအနေဖြင့် နေရပ်အမြန်ပြန်ကြရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းပြောဆိုလိုက်သည်။

စက်တင်ဘာ ၂၁ရက်က ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ဦးဥတ္တမခန်းမတွင်ပြုလုပ်သည့် နယ်စပ်ခြံစည်းရိုးကာရံရန်အတွက် တတိယအကြိမ်အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲတွင် အမှာစကားတွင်ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လူမှုကွန်ယက်မှတစ်ဆင့် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ပြည်တွင်း၊ ပြည်ပနေရာ အနှံ့တွင် ရောက်ရှိနေကြသည့် ရခိုင်တိုင်းရင်းသားများအနေဖြင့် မိမိနေရပ်ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြန်လည်ရင်းနှီး မြှုပ်နှံမှုများ၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဝိုင်းဝန်းလုပ်ဆောင်ကြရန်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကတိုက်တွန်းခဲ့သည်။

ထို့အပြင် ဒေသခံများ ပြန်လည်နေထိုင် လုပ်ကိုင်စားသောက်နိုင်အောင် လုံခြုံရေးအပါအဝင် လိုအပ်ချက်များကို လုပ်ဆောင်ပေး မည်ဟုပြောကြားကြောင်းသိရသည်။

နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် ဒေသခံ တိုင်းရင်းသားပြည်သူ များအနေဖြင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ လုံခြုံရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်းလည်း တပ်ချုပ်၏ ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

ထို့အပြင် ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောဒေသ၌ သြဂုတ်လ ၂၅ ရက်နေ့က စတင်ဖြစ်ပွားခဲ့သည် အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ငန်းတွင် ပါဝင်သူ ၄၀၀၀ နီးပါးရှိပြီး အကြမ်းဖက်သမား ၆၉ ဦးကို ဖမ်းမိထားသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဆိုပါပွဲတွင်ပြောဆိုခဲ့သည်။

အဆိုပါ နယ်စပ်ခြံစည်းရိုးကာရံရန်အတွက် အလှူငွေပေးအပ်ပွဲကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နယ်စပ်ရေး ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးတို့နှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ လူမှုရေးဝန်ကြီးတို့နှင့် တာဝန်ရှိသူအချို့တက်ရောက်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly