ဝေဖန်မှုများရှိနေသော်လည်း တိုင်းအစိုးရအနေဖြင့် ဥပဒေအရ အရေးယူသွားမည်ဟု မကွေးတိုင်းဝန်ကြီးချုပ် ပြော

ဝေဖန်မှုများရှိနေသော်လည်း တိုင်းအစိုးရအနေဖြင့် ဥပဒေအရ အရေးယူသွားမည်ဟု မကွေးတိုင်းဝန်ကြီးချုပ် ပြော

မကွေး၊ စက်တင်ဘာလ ၂၁ ။          ။ ဝေဖန်မှုများရှိနေသော်လည်း တိုင်းအစိုးရအနေဖြင့် အရေးယူရန်ရှိသည့် ကိစ္စရပ်များအပေါ် ဥပဒေအရ အရေးယူသွားမည်ဟု မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ယနေ့ စက်တင်ဘာလ ၂၁ ရက်တွင် ပြတ်ပြတ်သားသား ပြောဆိုလိုက်သည်။

“ လောလော ဆယ်အနေအထားမှာတော့ ကျွန်တော်တို့ အစိုးရအဖွဲ့ကို ဘေးမှာတွေရော၊ ဖေ့ဘုတ်စ်မှာတွေရော ဝေဖန်တာ တွေခံနေရတာ။ ဘာတွေဝေဖန်တုန်းဆိုတော့ မင်းတို့ အစိုးရက ခိုးတော့ မခိုးဘူးပြောတယ်။ တကယ်ခိုးမယ့် ခိုးတော့ သူများမယားခိုးတယ်ဆိုပြီးတော့ ဝေဖန်တာတွေခံနေရတယ်” ဟု မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောဆိုသည်။

စက်တင်ဘာလ ၂၁ရက်နေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမတွင် ပြုလုပ်သည့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပြည်သူ့အတွက် ပထမ(၁)နှစ်တာ သက်တမ်းအတွင်း လုပ်ငန်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲအပြီးတွေ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ ဒါနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့က ရှင်းပြချင်တာပေါ့နော်။ လူတစ်ယောက်က ဥပမာအားဖြင့် ပြောရမယ်ဆိုရင် လူသတ်မှုကျူးလွန်သည်ဖြစ်စေ၊ မုဒိမ်းမှုကျူးလွန်မှုဖြစ်စေ၊ နိုင်ငံတော်ပုန်ကန်မှုဖြစ်စေ၊ မယားခိုးမှုကျူးလွန်သည်ဖြစ်စေ ဟုတ်လား။ တရားသူ ကြီးအနေနဲ့ မောင်မင်းသည့် ပုဒ်မ ၃၇၆၊ ၃၂၄(က) နိုင်ငံတော်ပုန်ကန်မှုစသဖြင့် ကျူးလွန်တာ ပြစ်မှုထင်ရှားတဲ့ အတွက်ကြောင့် အလုပ်နဲ့ ထောင်ဒဏ် ၁ဝ နှစ်၊ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံစေဆိုပြီးတော့ စီရင်ချက် မချမချင်း ဒီလူကို ရာဇဝတ်ကောင်လို့ သဘောထားလို့မရဘူး။ စီရင်ချက်ချပြီးတောင်မှ သူမှာ မြို့နယ်ကနေ ခရိုင်၊ ခရိုင်ကနေတိုင်း တရားလွှတ်တော်ချုပ်ထိအောင် အယူခံယူခွင့်ရှိတယ်မလား။ အဲ့ဒါမျိုးတွေက ရှိတယ်” ဟု ဝန်ကြီးချုပ်က ပြောသည်။

မကွေးတိုင်းဝန်ကြီးတစ်ဦး လူမှုရေးဖောက်ပြန်သည်ဟုဆိုကာ လူမှုကွန်ရက် စာမျက်နှာများတွင် ဝေဖန်ရေးသားနေမှုများအပေါ် လုံးဝမဟုတ်မှန်ကြောင်းနှင့်   ရေးသားသူများကို ဥပဒေကြောင်းအရ ရင်ဆိုင်သွားမည်ဟု မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးနေမျိုးကျော်က မကွေးမြို့ ဆုံရပ်ရပ်ကွက် (၁၀)လမ်းရှိ နေအိမ်တစ်အိမ်တွင် စက်တင်ဘာလ ၂ ရက်တွင် သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့သေးသည်။

ဝန်ကြီး ဦးနေမျိုးကျော်နှင့် အိမ်ထောင်ရေးဖောက်ပြန်သည်ဟု စွပ်စွဲခံရသူမှာ မကွေး ပုဂ္ဂလိကဘဏ်တစ်ခုမှ ဝန်ထမ်းအမျိုးသမီးတစ်ဦးဖြစ်ပြီး ဇာတိမှာ စကုမြို့နယ်မှ ဖြစ်ကြောင်း ၊ လက်ရှိအိမ်ထောင်ရှင်ဖြစ်သလို စကုမြို့နယ်နေစဉ်က ၅ တန်းကျောင်းသူ ဘဝကတည်းက ဝန်ကြီးဦးနေမျိုးကျော်၏ မိသားစုအိမ်တွင် နေပြီး ကျောင်းတက်ခဲ့ကာ မိသားစုပမာ နေခဲ့ကြကြောင်း စွပ်စွဲခံရသူအမျိုးသမီးက အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။

ဝန်ကြီးဦးနေမျိုးကျော်က ရေးသားဖော်ပြမှုကို လုံး၀ မဟုတ်မမှန်ကြောင်းနှင့် ရေးသားသူများကိုလည်း ဥပဒေကြောင်းအရ ရင်ဆိုင်သွားမည်ဖြစ်သလို စွပ်စွဲသူများဖက်မှ သက်သေအထောက်အထားဖြင့် ပြန်လည် တရားစွဲမည်ဆိုလျှင်လည်း ရင်ဆိုင်ဖြေရှင်းရန် အသင့်ရှိကြောင်း ပြောခဲ့သည်။

မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက အလုပ်တွဲဖက်လုပ်ကိုင်ရမှုအပေါ် ဝေဖန်မှုများရှိနေကြောင်း ပြောခဲ့သည်။

“ လွှတ်တော်ဥက္ကဋ္ဌကြီးကိုရော၊ ကျွန်တော်ကိုရော ဝေဖန်တာတွေ ရှိတယ်ပေါ့။ ဒီလိုမျိုး ရပ်ထဲရွာထဲမှာ ကြားနေရတဲ့အသံနဲ့ ပြောဆိုနေကြတာနဲ့ ဒီလူနဲ့ ဒီဝန်ကြီးနဲ့ သွားရကောင်းလား။ အလုပ်အတူတူ တွဲလုပ်ရ ကောင်းလားဆိုပြီးတော့ ဝေဖန်တာတွေ ရှိတော့ကား ကျွန်တော်တို့က မသွားလို့မရဘူး။ လုပ်စရာရှိတဲ့ အလုပ်ကို လုပ်ရတာပဲ။ အရေးယူအပြစ်ပေးတာမရှိဘူးလားဆိုတော့ ဒါတွေနဲ့ ပတ်သက်ပြီးတော့ အားလုံးသိပြီး သားဖြစ်တဲ့အတိုင်းပဲ ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ဟာ အင်မတန်ကို ဂုဏ်သရေသိက္ခာကြီးမား တဲ့အဖွဲ့ကြီးဖြစ်တယ်။ အပြစ်တစ်စုံတရာ ကျူးလွန်တယ်ဆိုရင် အစ်မ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပြောခဲ့ တာ။ ဝန်ကြီးချုပ်တွေ လည်း ထောင်ချတာသင့်ရင် ထောင်ချမှာ။ အစ်မက မျက်နှာတင်းတင်းနဲ့ကို ပြောတာ။ အရေးယူမယ်။ ခင်မင်ရင်းနှီးတဲ့အတွက်ကြောင့် ထောင်ဝင်စာလာတွေ့ြ့ပီးတော့ ပေးစရာရှိရင်ပေးမယ်။ ကျွေးစရာရှိရင်ကျွေးမယ်။ စည်းမျဉ်းစည်းကမ်းအရတော့ ဥပဒေအတိုင်း အရေးယူစရာရှိရင် အရေးယူမှာဆိုပြီး တော့ ပြောထားတာရှိပါတယ်” ဟု ဆိုသည်။

လက်ရှိ မကွေးတိုင်းတွင် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ရှိနေပြီး အဖွဲ့ချုပ်ဗဟို၌ ဗဟိုစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ရှိကာ တိုင်းနဲ့ ဗဟိုနဲ့ စည်းကမ်း ထိန်းသိမ်းရေး ရှိရုံသာမက လွှတ်တော်ကိုယ်စားလှယ်တိုင်ကြားစာဌာနပါ ရှိကြောင်း မကွေးတိုင်းဝန်ကြီးချုပ်က ဆက်လက်ပြောဆိုသည်။

အဆိုပါဌာနမှ တိုင်ကြားမှုများကို စစ်ဆေးပြီး အရေးယူခြင်း၊ ထုတ်ပယ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“တစ်နိုင်ငံလုံး တိုင်နေတာပဲ။ တချို့ဆိုလို့ချင်ရင် တိုင်တယ်။ စစ်ဆေးတယ်။ စစ်ဆေးသင့်တဲ့သူက စစ်ဆေးတယ်။ စစ်ဆေးပြီး တော့ကားနော် စွပ်စွဲပြစ်တင်တဲ့အတိုင်း ပြစ်မှုကျူးလွန်ရာမရောက်ဘူး ။ ပုဂ္ဂိုလ်ရေးမုန်းတီးမှုအရသာ တိုင်တန်း ခြင်းဖြစ်တဲ့အတွက်ကြောင့် အရေးယူအပြစ်ပေးစရာမရှိပါဆိုတဲ့ ဆုံးဖြတ်ချက်တွေနဲ့ အများကြီးပဲ။ ကျွန်တေ်ာ ဗဟိုအလုပ်အမှုဆောင်တစ်ယောက်အနေနဲ့ ပြောတာ။ အရေးယူ အပြစ်ပေးတဲ့အနေနဲ့ ပြင်းထန်စွာ သတိပေး တာတွေ၊ ထုတ်ပယ်သင့်ပါတယ်ဆိုတဲ့သူတွေကို ထုတ်ပယ်တာတွေလည်း ရှိပါတယ်” ဟု ဆိုသည်။

ယခင်ကလည်း မွန်ပြည်နယ်နှင့် တနင်္သာရီဒေသကြီးအတွင်းမှ တိုင်စာများရောက်ရှိလာသည့်အတွက် တိုင်စာများ မှန် မမှန် လေ့လာသုံးသပ်ရန် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး ၊ တနင်္သာရီတိုင်း လွှတ်တော်ဥက္ကဋ္ဌ ဦး ခင်မောင်အေး၊ ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုးတို့အား ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၃ ရက်နေ့မှ စတင်ပြီး ဦးဉာဏ်ဝင်းဦးဆောင်သည့် လေ့လာသုံးသပ်ရေးအဖွဲ့မှ စစ်ဆေးခဲ့ပြီး မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး နှုတ်ထွက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly