နျူကလီးယားလက်နက်အား တရားမဝင်ကြေညာသည့် ကုလသမဂ္ဂ ပဋိညာဉ်ကို ၅၁ နိုင်ငံ လက်မှတ်ထိုး

By AFP
21 September 2017
နျူကလီးယားလက်နက်အား တရားမဝင်ကြေညာသည့် ကုလသမဂ္ဂ ပဋိညာဉ်ကို ၅၁ နိုင်ငံ လက်မှတ်ထိုး

ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၁ ။           ။ မြောက်ကိုရီးယား နျူကလီးယားပြဿနာ ကြီးမားနေစဉ် အမေရိကန်နှင့် အခြားနျူကလီးယားပိုင် အင်အားကြီးများက ပြင်းပြင်းထန်ထန် ဆန့်ကျင်နေသော နျူကလီးယားလက်နက်များအား တရားမဝင်ကြောင်း ကြေညာသည့် ပဋိညာဉ်ကို နိုင်ငံပေါင်း ၅၁ နိုင်ငံက စက်တင်ဘာ ၂၀ ရက်တွင် စတင် လက်မှတ်ရေးထိုးတော့မည် ဖြစ်သည်။

နိုင်ငံပေါင်း ၁၀၀ ကျော် ထောက်ခံသည့် ယင်းပဋိညာဉ်အား လက်မှတ်ရေးထိုးမှု အဖွင့်နေ့တွင် နိုင်ငံပေါင်း ၅၁ နိုင်ငံက အမည်စာရင်းသွင်းကြဖွယ် ရှိကြောင်း ကုလသမဂ္ဂရုံးက ထုတ်ပြန်သည်။ ဦးဆုံးလက်မှတ်ထိုးမည်မှာ ဘရာဇီး သမ္မတ တီးမားဖြစ်သည်။

အဆိုပါ ပဋိညာဉ်မှာ သြစတြေးလျ၊ ဘရာဇီး၊ မက္ကဆီကို၊ တောင်အာဖရိကနှင့် နယူးဇီလန်တို့ ဦးဆောင်ဆွေးနွေးမှုဖြင့် ဇူလိုင်လအတွင်းက ကုလသမဂ္ဂတွင် နိုင်ငံပေါင်း ၁၂၂ နိုင်ငံက သဘောတူလက်ခံထားခဲ့ခြင်း ဖြစ်သည်။

နျူကလီးယားလက်နက်ပိုင်ဆိုင်သော အမေရိကန်၊ ရုရှ၊ ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ မြောက်ကိုရီးယားနှင့် အစ္စရေးတို့က အဆိုပါ ဆွေးနွေးမှုတွင် ပါဝင်ခဲ့ခြင်း မရှိကြပေ။

ယင်းပဋိညာဉ်သည် ကွဲပြားမှုများအား ဖန်တီးကာ တန်ပြန်ထုတ်လုပ်မှုများ ဖြစ်ပွားလာစေလိမ့်မည်ဟု နေတိုးအဖွဲ့ကြီးက ရှုတ်ချသည်။

ကုလသမဂ္ဂအထွေထွေညီလာခံ ပြင်ပန်းတွင် ခေါင်းဆောင်များက ယင်းပဋိညာဉ်အား တရားဝင်လက်မှတ်ထိုးကြမည်ဖြစ်ခြင်းကြောင့် အတွင်းရေးမှူးချုပ် ဂူတာရပ်စ်က ဆယ်စုနှစ် နှစ်ခုကျော်အတွင်း ပထမဆုံးသော အများစုပါဝင်သည့် လက်နက်ဖျက်သိမ်းရေး ပဋိညာဉ်အဖြစ် သမိုင်းဝင်ကြောင်း ချီးကျူးပြောဆိုသည်။

သို့သော်လည်း ကမ္ဘာပေါ်ရှိ နျူကလီးယားထိပ်ဖူး ၁၅၀၀၀ အား ကင်းစင်ရှင်းလင်းရေးအတွက် လုံ့လများစွာ စိုက်ထုတ်ရဦးမည်ဖြစ်ကြောင်း ဂူတာရပ်စ်က ဝန်ခံသည်။

အဆိုပါ ပဋိညာဉ်သည် လများစွာ သို့မဟုတ် နှစ်နှင့်ချီ အချိန်ယူရမည့် နိုင်ငံငါးဆယ်က လက်မှတ်ရေးထိုး အတည်ပြုကြသည့် လုပ်ငန်းစဉ်အပြီးတွင် စတင်အသက်ဝင်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly