ICRC သဘောင်္ကို ဟန့်တားခဲ့သော လူအုပ်စုအား ဖြိုခွဲရာတွင် အရပ်သား ၂ ဦး ဆေးကုသမှုခံယူနေ

ICRC သဘောင်္ကို ဟန့်တားခဲ့သော လူအုပ်စုအား ဖြိုခွဲရာတွင် အရပ်သား ၂ ဦး ဆေးကုသမှုခံယူနေ

စစ်တွေ၊ စက်တင်ဘာလ ၂၁ ရက်။           ။ စစ်တွေမြို့ ဆတ်ရိုးကျဆိပ်ကမ်းတွင် (ICRC) ကယ်ဆယ်ရေးပစ္စည်းများကို တင်ဆောင်လာသည့်သဘောၤကို လူစုလူဝေးက ဟန့်တားခဲ့ရာမှ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ခြောက်လှန့်ပစ်ဖေါက်ခဲ့သည့်အတွက် စစ်တွေဆေးရုံတွင် အရပ်သား (၂) ဦး လာရောက် ဆေးကုသမှုခံယူနေသည်ဟု စစ်တွေဆေးရုံအုပ်ကြီး ကုသရေးဦးစီးဌာန ဒေါက်တာကျော်နိုင်ဝင်းက ဆိုသည်။

“မနေ့က ဆတ်ရိုးကျဖြစ်စဉ်ကြောင့် ကျည်ဒဏ်ရာနှင့် စစ်တွေဆေးရုံကြီးကို လာပြီး ဆေးကုသမှုခံယူနေတဲ့သူ (၂) ယောက်ရှိပါတယ်။ တစ်ယောက်ကတော့ လက်မောင်းမှာ ဒဏ်ရာရသွားတယ်။   နောက်တစ်ယောက် ကတော့ ဝမ်းဗိုက်နားကို ထိသွားတဲ့ဒဏ်ရာတွေ တွေ့ပါတယ်။ အခြေနေကတော့ စိုးရိမ်စရာမရှိပါဘူး”ဟု စစ်တွေဆေးရုံအုပ်ကြီး ကုသရေးဦးစီးဌာန ဒေါက်တာကျော်နိုင်ဝင်းက ဆိုသည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၂၀ ရက်နေ့ နေ့လည် ၂ နာရီအချိန်တွင် မောင်တောဒေသအတွင်းရှိ နေရပ်စွန့်ခွာထွက်ပြေးနေသူများအား ကူညီထောက်ပံ့ရန်အတွက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ (ICRC) အဖွဲ့ သယ်ယူပို့ဆောင်ရေးတာဝန်ခံ ဦးနိုင်လင်းဝေသည် ဆတ်ရိုးကျဆိပ်ကမ်း ဘူးသီးတောင်စက်လှေဆိပ်ရှိ ဦးရွှေဦးမောင်းနှင်သည့် သော်တာဝင်းစက်လှေအား ငှားရမ်းပြီး ဘူးသီးတောင်ကို ကယ်ဆယ်ရေးသွားပေးမည့် ICRC ပစ္စည်းများကို တင်ဆောင်နေစဉ်တွင် လူများက ဟန့်တားပြီး ကြည့်ရှုရန်တောင်းဆိုရာမှ အဆိုပါဖြစ်စဉ် များ ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနေ့ ည ၈ နာရီအချိန်တွင် လာရောက်ကြည့်ရှုသူ လူအင်အား ၃၀၀ ခန့် စုစည်းမိပြီး ခဲများ၊ မီးရှို့ထားသည့် ဓာတ်ဆီပုလင်းများဖြင့် လူအုပ်ထဲမှ ပစ်ပေါက်ခဲ့ခြင်းကြောင့် ရဲတပ်ဖွဲ့ဝင် အင်အား ၂၀၀ ခန့်ဖြင့် ယင်းလူအုပ်အား ဒိုင်းများဖြင့် တွန်းထုတ်ခြင်း၊ သံဃာတော်များက လူအုပ်စု ရှင်းလင်းခြင်း၊ မီးသတ်ယာဉ်များဖြင့် ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့သော်လည်း လူအုပ်စုထဲမှ ဂျင်ကလိဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်လာခဲ့ရာ ရဲတပ်ဖွဲ့ဝင်များက (၁၂)ဗို့ ဂရီနာ ၂၀ လက်ဖြင့် ပစ်ဖောက်၍ ရှင်းလင်းခဲ့ရကြောင်း ယမန်နေ့ညကထုတ်ပြန်သည့် အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် လူအုပ်ထဲတွင် ပါဝင်သူ (၈) ဦးကို အာဏာပိုင်များက ထိန်းသိမ်းထားကြောင်းလည်း သိရသည်။

" လူစုလူဝေးကို ကျွန်တော်တို့က လုပ်ထုံးလုပ်နည်းနဲ့အညီ စည်းကမ်း ဥပဒေပါအတိုင်း ဖြိုခွဲတယ်။ လူထုဘက်ကလည်း ဂျင်ဂလိ၊ မီးကွင်းတွေနဲ့ ပစ်တဲ့အခါ မတော်တဆ ထိမိသွားတဲ့ သဘောပါ။ ရည်ရွယ်ချက်ရှိရှိ အရပ်သားတွေကို ပစ်ခဲ့တာမဟုတ်ပါဘူး။ ထိတဲ့ အရပ်သားတွေကိုလည်း အုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့တွေရဲ့ အကူအညီနဲ့ပဲ စစ်တွေဆေးရုံမှ ကုသနေပါတယ်။ " ဟု အခင်းဖြစ်ရာ ဆတ်ရိုးကျ နယ်မြေအပိုင် စစ်တွေ အမှတ် ၂ ရဲစခန်း၊ စခန်းမှူး ဒုရဲအုပ်ကျော်မိုးက ပြောသည်။

အဆိုပါဘုတ်ပေါ်တွင် ဆိုလာမီးအိမ် (၇၇၄)ခု၊ အမျိုးသမီးသန့်စင်ရေသုံး (၁၃၀၀)၊ အဝတ်အစား (၆၄၀၇၁)ထည်၊ စောင်(၁၃၃)ထည်၊တာပေါ်လင်(၁၂၄၀)၊ ရေပုံး (၁၄၉၄)လုံး၊ ခြင်ထောင်အလုံး (၃၀၀၀)နှင့် မီးဖိုချောင်သုံး ပစ္စည်းအထုပ်(၃၀၀)၊ ခန့်မှန်းတန်ချိန် (၅၀)တို့ကို တင်ဆောင်ထားကြောင်း ယင်းညဉ့် ၁၂ နာရီတွင် သတင်းထုတ်ပြန်ရေး ကော်မတီက သတင်းထုတ်ပြန်ထားသည်။

ယခုလို ကြက်ခြေနီလှုပ်ရှားမှုဖြင့် ဆောင်ရွက်သည့် သင်္ဘောဟန့်တားခံရသည့် ဖြစ်စဉ်မျိုး ဖြစ်ပွားခဲ့ခြင်းသည် ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပြီးခဲ့သည့် စက်တင်ဘာ ၁၆ ရက်နေ့၌   မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကယ်ဆယ်ရေး ပစ္စည်းများ တင်ဆောင်လာသည့် ကုန်တင်ယာဉ် တစ်စီးကို ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဒေသခံများက တားဆီးခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly