အမေရိကန်သံရုံးရှေ့မှာ ဆန္ဒပြခဲ့သူများကို လာမည့်ရုံးချိန်းတွင် အပြီးသတ်အမိန့်ချမည်

အမေရိကန်သံရုံးရှေ့မှာ ဆန္ဒပြခဲ့သူများကို လာမည့်ရုံးချိန်းတွင် အပြီးသတ်အမိန့်ချမည်
ဓာတ်ပုံ-သူရ/မဇ္ဈိမ
 

ရန်ကုန်၊ စက်တင်ဘာ ၂၁ ။               ။ ၂၀၁၆ ခုနှစ်က အမေရိကန်သံရုံးရှေ့မှာ ဆန္ဒပြခဲ့မှုနှင့် ပတ်သက်ပြီး တရားစွဲဆိုခံထားရသည့် ဝင်းကိုကိုလတ်ပါ လေးဦးတို့ကို လာမည့်ရုံးချိန်းစက်တင်ဘာလ ၂၈ ရက်တွင် ပြစ်ဒဏ်ချမှတ်မည်ဟု တရားသူကြီးက ပြောခဲ့ကြောင်း အမျိုးသားရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် ဦးရဲစိုးအောင်က ပြောသည်။

" ဒီနေ့ကတော့ ရက်ချိန်း ပြန်ချိန်းလိုက်တယ် ၂၈ ရက်နေ့ကျရင် အမိန့်ချမယ်လို့ သိရပါတယ် " ဟု ဦးရဲစိုးအောင်က ပြောဆိုသည်။

ဝင်းကိုကိုလတ်ပါ လေးဦးတို့ကို ကမာရွတ်မြို့နယ်တရားရုံး တွင် ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉၊ ရာဇ သတ်ကြီးပုဒ်မ ၅ဝ၅(ခ)တို့ဖြင့် အမှုဖွင့်အရေးယူခဲ့ခြင်းဖြစ်သည်။

အမေရိကန်သံရုံးရဲ့ထုတ်ပြန်ချက်တစ်စောင်မှာ ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းပါဝင်နေခြင်းနှင့် ပတ်သက်ပြီး ၂၀၁၆ ခုနှစ် ဧပြီလ ၂၈ရက်နေ့က ခွင့်ပြုချက်မရယူဘဲ အမေရိကန်သံရံုံးရှေ့ ဆန္ဒထုတ်ဖော်ခဲ့သောကြောင့် တရားစွဲဆိုခံရခြင်း ဖြစ်သည်။

အဆိုပါကိစ္စနှင့် ပက်သက်ပြီး ဝင်းကိုကိုလတ်၏ အမျိုးသမီးဖြစ်သူ မရီနွယ်အောင်က " အမေရိကန်သံရုံးရှေ့မှာ ရိုဟင်ဂျာ မရှိဘူးလို့ပြောခဲ့တာဟာ အမေရိကန်သံရုံးကိုပဲ ပြောခဲ့တာ။ လက်ရှိအစိုးရကို စော်ကားတဲ့စိတ်နဲ့ ပြောခဲ့တာ မဟုတ်ဘူး။ ဒီအစိုးရဘက်ကနေပဲ ရပ်တည်ပြီး ပြောခဲ့တာပဲ။ အစိုးရကိုယ်တိုင်လည်း ကြေညာချက် တွေ ထွက်လာပြီ။ ထွက်လာတဲ့အတွက် အမေရိကန်သံရုံးရှေ့မှာ ကိုဝင်းကိုကိုလတ်တို့ ဆန္ဒပြတာနဲ့ ပတ်သက်ပြီး အပြစ်မရှိဘူးလို့ ညီမတို့မြင်တယ် " ဟု သူ၏အမြင်ကိုပြောသည်။

ဆန္ဒပြပွဲ ဦးဆောင်သူများကို ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်ပြီး ၂ဝ၁၇ ခုနှစ်မေလဆန်းပိုင်းတွင် ဦးပါမောက္ခအပါအဝင် ခုနစ်ဦးကိုလည်း အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှဒုဦးစီးမှူး ဦးသန်းထွန်းအောင်က ရာဇသတ်ကြီး ပုဒ်မ-၅ဝ၅ (ခ)ဖြင့် ထပ်မံအမှုဖွင့်ခဲ့သေးသည်။

လာမည့် စက်တင်ဘာ ၂၈ ရက်တွင် ကမာရွတ်မြို့နယ်တရားရုံးမှဆန္ဒပြခဲ့မှုနှင့် ပတ်သက်ပြီး  ဝင်းကိုကိုလတ် ၊ နိုင်ဝင်းထွန်း၊ သက်မျိုးဦးနဲ့ နေဝင်းအောင် လေးဦးတို့ကို အမိန့်ချမှတ်မည်ဖြစ်ပြီး သံဃာတော်များတော့ မပါဝင်သေးကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly