အကြမ်းဖက်တိုက်ခိုက်မှု စတင်ဖြစ်ပွားချိန်တွင် အကာအကွယ်အပြည့်အဝ မပေးနိုင်ခဲ့မှုအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တောင်းပန်စကားဆို

အကြမ်းဖက်တိုက်ခိုက်မှု စတင်ဖြစ်ပွားချိန်တွင် အကာအကွယ်အပြည့်အဝ မပေးနိုင်ခဲ့မှုအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တောင်းပန်စကားဆို
ဓာတ်ပုံ-EPA
 

ရန်ကုန်၊ စက်တင်ဘာလ ၂၁ ။            ။ မောင်တောခရိုင်ထဲရှိ ကျေးရွာများတွင် အကြမ်းဖက်တိုက်ခိုက်မှု စတင်ဖြစ်ပွားခဲ့စဉ်က အချိန်မီ အကာအကွယ် အပြည့်အဝမပေးနိုင်ခဲ့သည့် အပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒေသခံ ပြည်သူများ ကို တောင်းပန်စကားပြောကြားခဲ့ကြောင်း ဒေသခံစာရေးဆရာ ဝေဟင်အောင်က မဇ္ဈိမသို့ ပြောသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ စက်တင်ဘာလ ၂၁ ရက်၊ နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ အလိုတော်ပြည့်ကျောင်းတွင် ဒေသခံပြည်သူများနှင့် သွားရောက်တွေ့ဆုံရာမှ ထိုသို့ တောင်းပန်စကား ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 “ အကြမ်းဖက်မှုဖြစ်စဉ်အစပိုင်းမှာ တစ်ချို့ရွာတွေမှာ လုံခြုံရေးမမီလိုက်ဘူးပေါ့။ အဲ့ဒီမှာ တစ်ရွာလုံး ဖျက်ဆီးခံ လိုက်ရတဲ့ ရွာတွေရှိတယ်။ အဲ့ဒါ အချိန်မီ မရောက်လာနိုင်တဲ့အတွက်နဲ့ ကျွန်တော်တို့ကိုလည်း နည်းနည်း နား လည်ခွင့်လွှတ်ကြဖို့အတွက် တောင်းပန်တယ်ဗျ။ အကြမ်းဖက်မှုမဖြစ်ခင် အချိန်အတွင်းမှာ သူက လုံခြုံရေး တပ်တွေ ဖြန့်ချတယ်ပေါ့။ ဖြန့်ချတဲ့အချိန်မှာ တချို့ဘက်တွေကို တပ်တွေက မရောက်လိုက်ဘူး။ အဲ့ဒီချိန်မှာ တချို့ရွာတွေက ဖျက်ဆီးခံလိုက်ရတယ်ပေါ့။ အထိနာတာပေါ့။ အဲ့ဒီမှာ သူက တာဝန်မကင်းမဘူးပေါ့။ အဲ့ဒါ ကြောင့် ကျွန်တော်ကို ဒီက ဒေသခံတွေအနေနဲ့ ခွင့်လွှတ်ပေးကြဖို့၊ ကျွန်တော်လည်း ကြိုးစားသလောက် အရာမထင်လိုက်တဲ့အပိုင်းတွေရှိတဲ့အတွက် ကျွန်တော်ကို နားလည်ခွင့်လွှတ်ကြပါဆိုပြီးတော့ တောင်းပန်တာ ဖြစ်ပါတယ်”ဟု စာရေးဆရာ ဝေဟင်အောင်က ပြောသည်။

တပ်ချုပ်မှ ဒေသခံများနှင့် တွေ့ဆုံပွဲတွင် ဒေသခံပရဟိတအဖွဲ့များက ရခိုင်ပြည်နယ်၏ နယ်စပ်ခြံစည်းရိုး ကိစ္စများ၊ လမ်းပန်းဆက်သွယ်ရေးနှင့် ဒေသခံများ၏ လုံခြုံရေးအခြေအနေများကို တင်ပြခဲ့ကြသည်။

“ အဲ့ဒီလို ကျွန်တော်တို့ တင်ပြတောင်းဆိုခဲ့တဲ့အပေါ် သူကဘာပြန်ပြောလည်းဆိုရင် သူတို့ ခြံစည်းရိုးကာဖို့ အတွက်လည်း လုပ်နေတယ်ပေါ့။ ပြီးတော့ အစိုးရအနေနဲ့လည်း တွေ့ဆုံဆွေးနွေးပြီးတော့ ဘတ်ဂျက်တွေ ချ ပေးထားတဲ့ အပိုင်းတွေရှိတယ်။ သူတို့လည်း လုပ်သွားမယ်လို့ ပြောတယ်ဗျ။ နောက်တစ်ခုက နယ်စပ်ခြံစည်း ရိုးတစ်လျှောက်မှာ လေးလမ်းသွား လမ်းမလည်း သူတို့ လုပ်ပေးမယ်။ အဲ့ဒီမှာ ကွန်ကရစ်လမ်းလေးဖြစ်အောင် သူတို့ လုပ်ပေးဖို့အတွက် အစီအစဉ်ချထားပြီးပြီလို့ပြောတယ်။ ပွင့်လင်းရာသီရောက်တာနဲ့ သူတို့ စပြီးအကောင် အထည်ဖော်မယ်လို့ အဲ့ဒီလိုလည်း ပြောသွားတယ်ဗျ”ဟု ကိုဝေဟင်အောင်က ပြောသည်။

ထို့ပြင် စစ်တွေမြို့နယ်အဆုံးရှိ အငူမော်မှ အလယ်သံကျော်- မောင်တော- ဘူးသီးတောင်- တောင်ပြိုထိ ကွန်ကရစ်ကား လမ်းမကြီးနှင့် စစ်တွေ- ပုဏ္ဍားကျွန်း- ရသေ့တောင်- ဘူးသီးတောင် ကွန်ကရစ်ကားလမ်းမကြီး နှစ်လမ်းအား ပွင့်လင်းရာသီတွင် စတင်ဖောက်လုပ်ပေးသွားမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒေသခံများနှင့် လာရောက်တွေ့ဆုံစဉ် ပြောဆိုခဲ့ကြောင်းသိရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စက်တင်ဘာလ ၁၉ ရက်က စစ်တွေမြို့သို့ သွားရောက်ခဲ့ခြင်းဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်တို့  စစ်တွေမြို့သို့ အတူလိုက်ပါခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly