မန်စီးတီးအတွက် ပထမဆုံးပြန်လည်ပွဲထွက် ကစားသည့်ပွဲတွင် ဂွမ်ဒိုဂန် ဒဏ်ရာထပ်ရ

မန်စီးတီးအတွက် ပထမဆုံးပြန်လည်ပွဲထွက် ကစားသည့်ပွဲတွင် ဂွမ်ဒိုဂန် ဒဏ်ရာထပ်ရ

စက်တင်ဘာ ၂၁၊ မန်ချက်စတာ။          ။ ပြီးခဲ့သည့်နှစ်ဒီဇင်ဘာလတွင် ဒဏ်ရာရပြီး ကာလရှည်အနားယူခဲ့ရသည့် မန်စီးတီးကွင်းလယ်ကစားသမား ဂွမ်ဒိုဂန်သည် အသင်းအတွက် ပထမဆုံးပွဲထွက်   ပြန်ကစားနိုင်သည့်ပွဲတွင် ဒဏ်ရာထပ်မံရရှိသွားပြီး လူစားလဲခံခဲ့ရသည်။

မန်စီးတီးက ဝက်စ်ဘရွန်းအသင်းကို ၂-၁ ဂိုးဖြင့်အနိုင်ရသည့် ကာရာဘာအိုဖလားပွဲတွင် ဂွမ်ဒိုဂန်သည် ဝက်စ်ဘရွန်းကစား သမား ယာကော့ဘ်၏ ဖျတ်ထုတ်မှုကြောင့် ဒုတိယပိုင်းပွဲချိန် ၁၅ မိနစ်တွင် ကိုင်လီဝေါ်လ်ကာနှင့် လူစားလဲခံခဲ့ရသည်။

ဂျာမန်ကွင်းလယ်ကစားသမားသည် ပွဲကစားနိုင်ရန် ကာလရှည်စောင့်ဆိုင်းခဲ့ရပြီး စနေနေ့တွင် ဝက်ဖို့ဒ်အသင်းကို မန်စီးတီးအသင်းက ၆-၀ ဂိုးဖြင့်အနိုင်ရသည့်ပွဲ၌ လူစားဝင်ကစားသမားအဖြစ် ပါဝင်ကစားခွင့်ရခဲ့သည်။

ဝက်စ်ဘရွန်းနှင့်ပွဲတွင် ပွဲထွက်ကစားသမားအဖြစ်ပါဝင်လာခဲ့ပြီး ပွဲချိန် ၃ မိနစ်၌ လီရွိုင်းဆိန်းအဖွင့်ဂိုးသွင်းနိုင်စေရန် ၎င်းဆီမှ ဘောလုံးစတင်ခဲ့သည်။

ဒဏ်ရာရခဲ့သော်လည်း ကောင်းမွန်သည့်အချက်မှာ ဆေးဝန်ထမ်း၏ အကူညီမလိုဘဲ ကွင်းပြင်သို့ထွက်ခွာနိုင်ခဲ့သည်။ ဂွမ်ဒိုဂန်ကို နောက်မှ ဖျတ်ထုတ်ပုံကြမ်းတမ်းခဲ့၍ အဝါကတ်ပြခံရသည့် ယာကော့ဘ်သည်  ပွဲချိန် ၇၂ မိနစ်တွင် ချေပဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့ သည်။ သို့သော် ၇၇ မိနစ်တွင် လီရွိုင်းဆိန်းကပင် မန်စီးတီးအတွက် အနိုင်ဂိုးသွင်းယူသွားခဲ့သည်။

ဂွမ်ဒိုဂန်သည် ညာဘက်ဒူးဒဏ်ရာဟောင်း၏ ဆန့်ကျင်ဘက် ဘယ်ဘက်ဒူးတွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ဓါတ်မှန်ရိုက်စစ်ဆေးမှု ခံယူရဖြစ်သော်လည်း ပြင်းထန်ပုံမရ၍ စိုးရိမ်ခြင်းမရှိဟု နည်းပြဂွာဒီယိုလာက ပြောသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly