မြောက်ကိုရီးယားအရေးကို သံတမန်နည်းအရ ဖြေရှင်းရမည့်အချိန်မဟုတ်တော့ဟု ဂျပန်ဝန်ကြီးချုပ်ပြော

By AFP
21 September 2017
မြောက်ကိုရီးယားအရေးကို သံတမန်နည်းအရ ဖြေရှင်းရမည့်အချိန်မဟုတ်တော့ဟု ဂျပန်ဝန်ကြီးချုပ်ပြော

 

ကုလသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စု၊ စက်တင်ဘာ ၂၁  ။                ။ ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးက မြောက်ကိုရီးယားအရေးကို ဆွေးနွေးညှိုနှိုင်းနည်းအရ ဖြေရှင်းရတော့မည့် အချိန်မဟုတ်တော့ကြောင်းနှင့် အရေးယူဖို့ ရွေးချယ်စရာနည်းလမ်းအားလုံး အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

ကမ္ဘာ့ကုလသမဂ္ဂ အစည်းအဝေးပွဲ၌ မိန့်ခွန်းပြောကြားခဲ့သော အာဘေးက လွန်ခဲ့သောရက်သတ္တပတ်များ အတွင်း ၎င်းတို့၏ပိုက်နက်ပေါ်မှ ဖြတ်သန်း၍ ဒုံးပျံများပစ်လွှတ်ကာ ရန်စခဲ့သော မြောက်ကိုရီးယားတို့အား အရေးယူဖို့ အချိန်အများကြီး မကျန်တော့ကြောင်း ပြောခဲ့သည်။

မြောက်ကိုရီးယားတို့က တိုက်ခိုက်လာပါက အမြစ်ဖျက်ချေမှုန်းပစ်မည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ ခြိမ်းခြောက်ပြောဆိုမှုအပြီး တစ်ရက်အကြာတွင် အာဘေးကလည်း “ ကျုပ်တို့ဟာ အမေရိကန်တို့ပြောခဲ့တဲ့ စကားအားလုံးကို ထောက်ခံပါတယ်။ အရေးယူဖို့ ရွေးချယ်စရာ နည်းလုံးအားလုံး အသင့်ဖြစ်နေပါပြီ” ဟု ပြောခဲ့ သည်။

ဆက်လက်ပြီး မြောက်ကိုရီးယားတို့နှင့် ဆွေးနွေးညှိုနှိုင်းနိုင်ဖို့ တစ်ကမ္ဘာလုံးက စဉ်ဆက်မပြတ် ကြိုးပမ်းခဲ့ကြသော်လည်း မအောင်မြင်ခဲ့ကြောင်း အာဘေးက ပြောခဲ့သည်။

သူက “ ကျနော်တို့ ထပ်ခါတလဲလဲ ဆွေးနွေးညှိုနှိုင်းပြီး အဖြေရှာဖို့ ကြိုးပမ်းခဲ့ပေမယ့် အရာမထင်ခဲ့ပါဘူး။ ဒါကြောင့် မအောင်မြင်နိုင်တာကို သေချာသိရက်နဲ့ ကျနော်တို့ ဘာတွေများထပ်ပြီးမျှော်လင့်နေဦးမှာလဲ” ဟု ပြောခဲ့သည်။
ဒါ့အပြင် “ ကျနော်တို့လုပ်ဖို့လိုအပ်တာက ဆွေးနွေးညှိုနှိုင်းဖို့မဟုတ်ပါဘူး။ ဖိအားပေးဖို့ပါ” ဟု သူက ဆက်ပြော ခဲ့သည်။ ဆက်လက်ပြီး ကုလသမဂ္ဂအနေဖြင့် မြောက်ကိုရီးယားတို့ကို တင်းကြပ်သော အရေးယူပိတ်ဆို့မှုများ ပိုမိုပြုလုပ်သွားရန် အာဘေးက တောင်းဆိုခဲ့သည်။

သို့သော်လည်း ကင်ဂျုံအမ်းအစိုးရ၏ လုပ်ရပ်များကို စိတ်ပျက်နေသော တရုတ်နိုင်ငံက ဆွေးနွေးညှိုနှိုင်းနည်း အရသာ အဖြေရှာသွားဖို့ ထပ်ခါတလဲလဲ တိုက်တွန်းနေခဲ့ပြီး ဂျာအေးသူ့အမေ ရိုက်နေသည့် ဖြစ်ရပ်ကို အဆုံးသတ်ကြဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီက အင်္ဂါနေ့တွင် တိုက်တွန်းပြောဆိုခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags