မက္ကဆီကို ငလျင်၌ အဖြစ်ဆိုးဝါးစွာ ကြံုသည့် စာသင်ကျောင်း ပြိုကျမှုတွင် ရှာဖွေရေးများ ဆက်လုပ်နေ

မက္ကဆီကို ငလျင်၌ အဖြစ်ဆိုးဝါးစွာ ကြံုသည့် စာသင်ကျောင်း ပြိုကျမှုတွင် ရှာဖွေရေးများ ဆက်လုပ်နေ

 

မက္ကဆီကိုစီးတီး၊ စက်တင်ဘာ ၂၁ ။                    ။ မက္ကဆီကိုငလျင်ကြီးအတွင်း အဖြစ်ဆိုးဝါးစွာ ကြုံတွေ့ခဲ့ရသည့် ပြိုကျပျက်စီးသော အထက်တန်းကျောင်းတွင် ရှာဖွေကယ်ဆယ်ရေးများ ဆက်လက်လုပ်ဆောင်လျက် ရှိနေသည်။

မက္ကဆီကိုစီးတီးမြို့တော်တွင်းက အဆိုပါ ကျောင်း ပြိုကျမှုတွင် ကလေး ၃၂ ဦးနှင့် အရွယ်ရောက်ပြီး ငါးဦး သေဆုံးကြောင်း ဌာနေကျန်းမာရေးဌာနက စက်တင်ဘာ ၂၀ ရက်တွင် ထုတ်ပြန်သည်။

စက်တင်ဘာ ၁၉ ရက်က ပီဘလာမြို့၏ အနောက်တောင်-တောင်ဖက်အရပ် ၃၄ မိုင်အကွာခန့်တွင် ဗဟိုပြုသည့် အင်အား ၇ ဒဿမ ၁ အဆင့်ရှိ ငလျင်ကြီး လှုပ်ခဲ့ရာတွင် သေဆုံးသူ စုစုေပေါင်းသည် ၂၃၀ ဦးအထိ ရှိကြောင်း သိရသည်။

ယခုပြိုကျမှုဖြစ်ရာ အထက်တန်းကျောင်းတွင် ကယ်ဆယ်ထုတ်နိုင်သူက ၁၄ ဦး ရှိပြီး ၂၀ ခန့် ပိတ်မိနေနိုင်ကြောင်း Televisa ရုပ်သံက ထုတ်လွှင့်သည်။

ကြည်းတပ်နှင့် ရေတပ် စစ်သားများက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဦးဆောင်လုပ်ဆောင်လျက်ရှိပြီး ကယ်ဆယ်နိုင်သူအများစုကို အရပ်ဖက်ဆေးရုံတစ်ရုံသို့ ပို့ဆောင်ပေးထားကြသည်။

မက္ကဆီကို သမ္မတ ပီနာနက်တိုလည်း မူကြိုအရွယ်မှ အထက်တန်းအထိ သင်ကြားသော အဆိုပါ ကျောင်းသို့ စက်တင်ဘာ ၁၉ ရက် ညပိုင်းက လာရောက်ကြည့်ရှုခဲ့သည်။

ယခုငလျင်ကြီးတွင် မက္ကဆီကိုစီးတီးမြို့တော်အတွင်း ထိခိုက်ဒဏ်ရာရသူပေါင်းက ၈၀၀ ကျော်ထက်မနည်း ရှိနေပြီး တိုက်တာအဆောက်အအုံပေါင်း ၃၉ လုံး ပျက်စီးပြိုကျကြောင်း မြို့တော်ဝန် အိန်ဂျယ်မန်စီရာက ပြောသည်။

မက္ကဆီကိုစီးတီးမြို့တော်တွင်သာမက ပီဘလာပြည်နယ်၊ မိုရီလို့စ်၊ အောဇာကာ၊ ချီပတ်စ်၊ ဂူရီရို၊ မက္ကဆီကို၊ ဟီဒယ်ဂိုနှင့် မီချိုကန်ပြည်နယ်များက စာသင်ကျောင်းများကို ယာယီပိတ်ခိုင်းထားသည်။

ငလျင်အတွင်း ထိခိုက်ပျက်စီးသည့် စာသင်ကျောင်းပေါင်း ၂၀၉ ကျောင်းရှိပြီး ၁၅ ကျောင်းမှာ ဆိုးဆိုးဝါးဝါး ပျက်စီးသည်ဟု ပညာရေးဌာနက ထုတ်ပြန်ခဲ့သည်။

စက်တင်ဘာ ၁၉ ရက် နေ့လယ်ပိုင်းတွင် ယခုငလျင်ကြီး လှုပ်ခြင်းဖြစ်ကာ မြို့တော်အချက်အချာ အလယ်ပိုင်းက အဆောက်အအုံများ ပျက်စီးမှု ကြီးသကဲ့သို့ မြို့တော် တောင်ပိုင်းနှင့် အနောက်ပိုင်း နယ်မြေများတွင်လည်း အပျက်အစီး ကြီးမားသည်။

၁၉၈၅ ခုနှစ်က သေဆုံးသူပေါင်း ၁၀၀၀၀ ကျော်ထက်မနည်းရှိခဲ့သည့် ငလျင်ကြီး နှစ်ပတ်လည် အခါသမယတွင် မြို့တော်တွင်း ငလျင်ကြိုတင်ကာကွယ်မှု လေ့ကျင့်ပြင်ဆင်မှုများ လုပ်ဆောင်နေကြစဉ် ယခုငလျင်ကြီး လှုပ်ခြင်းလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly