ဗြိတိန်နိုင်ငံသို့ သင်တန်းသားများ ထပ်မံစေလွှတ်မည်မဟုတ်ဟု တပ်မတော်ထုတ်ပြန်

ဗြိတိန်နိုင်ငံသို့ သင်တန်းသားများ ထပ်မံစေလွှတ်မည်မဟုတ်ဟု တပ်မတော်ထုတ်ပြန်

စက်တင်ဘာလ ၂၀ ။           ။ ဗြိတိန်နိုင်ငံတွင် သင်တန်းတက်ရောက်နေသည့် တပ်မတော်သင်တန်းသား အရာရှိ ၅ ဦးကို တပ်မတော်မှ အမြန်ဆုံးပြန်လည်ခေါ်ယူသွားမည်ဖြစ်ပြီး ဗြိတိန်နိုင်ငံသို့ သင်တန်းသားများ ထပ်မံစေလွှတ်မည်မဟုတ်ဟု တပ်မတော်မှ ထုတ်ပြန်လိုက်သည်။

ဗြိတိန်နိုင်ငံတွင် သင်တန်းတက်ရောက်နေသည့် တပ်မတော်သင်တန်းသား အရာရှိများအား ပြန်လည်စေလွှတ်ခြင်းအပေါ် ယနေ့ စက်တင်ဘာလ ၂၀ ရက်တွင် ယင်းသို့ သဘောထားထုတ်ပြန် ချက် ကြေညာခဲ့ခြင်း ဖြစ်သည်။

ဗြိတိန်ပါလီမန်အမတ်များက ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့် ပတ်သက်၍  ဗြိတိန်နိုင်ငံတွင် သင်တန်းတက်ရောက်နေသော မြန်မာ့တပ်မတော်သင်တန်းသားများအား သင်တန်းဆိုင်းငံ့ပေးရန်တောင်းဆိုမှုအရ အဆိုပါသင်တန်းသားအရာရှိများအား မြန်မာနိုင်ငံသို့ ပြန်လည် စေလွှတ်ခဲ့ခြင်း ဖြစ်သည်။

မြန်မာ-ဗြိတိန် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြားတွင်လည်း ဆက်ဆံရေးနှင့်ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေးအရ မြန်မာ့တပ်မတော်မှ သင်တန်းသားအရာရှိ ၅ ဦးက ဗြိတိန်နိုင်ငံတွင် သင်တန်းများ တက်ရောက်နေခြင်း ဖြစ်သည်။

ယနေ့ စက်တင်ဘာလ ၂၀ ရက်နေ့တွင် လန်ဒန်မြို့ရှိ မြန်မာစစ်သံ (ကြည်း၊ရေ၊ လေ)ရုံး၌ သင်တန်းသားအားလုံး စုစည်းရောက်ရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန်သည်။

အဆိုပါအစီစဉ်အားရပ်ဆိုင်းရန် ဗြိတိန်ပါလီမန်အမတ် ၁၅၀ ခန့်က စက်တင်ဘာလ ၆ ရက်တွင် နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်အား စာရေးတောင်းဆိုခဲ့ခြင်း ဖြစ်သည်ဟု AFP သတင်းဌာနတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly