ထရမ့်၏ တောင်တရုတ်ပင်လယ်အရေး အငြိအစွန်းပါသော စကားကို တရုတ်က မဆိုင်းမတွ တုံ့ပြန်

By AFP
20 September 2017
ထရမ့်၏ တောင်တရုတ်ပင်လယ်အရေး အငြိအစွန်းပါသော စကားကို တရုတ်က မဆိုင်းမတွ တုံ့ပြန်

ပေကျင်း၊ စက်တင်ဘာ ၂၀ ။            ။ အငြင်းပွား တောင်တရုတ်ပင်လယ်နှင့် ပတ်သက်ပြီး တရုတ်၏ ပိုင်ဆိုင်ကြောင်း အတည်ပြုထားချက်များအပေါ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အနှောင့်အသွားမလွတ်သော ဝေဖန်စကားများက အချုပ်အခြာကို ကြီးစွာခြိမ်းခြောက်ခြင်းအဖြစ် စက်တင်ဘာ ၂၀ ရက်၌ တရုတ်ဖက်က မဆိုင်းမတွ တုံ့ပြန်လိုက်သည်။

စက်တင်ဘာ ၁၉ ရက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် သမ္မတ ထရမ့်က ရုရှနှင့် တရုတ်တို့ကို တိုက်ရိုက်ဖော်ပြပြောဆိုခြင်း မရှိသော်လည်း ယူကရိန်းနှင့် သယံဇာတကြွယ်ဝသော   တောင်တရုတ်ပင်လယ်တို့က အချုပ်အခြာပိုင်ဆိုင်မှုအား ခြိမ်းခြောက်မှုများကို ဝေဖန်ရှုတ်ချသွားခဲ့ခြင်း ဖြစ်သည်။

"ကျွန်တော်တို့ ဥပဒေကို တလေးတစား ရှိကြရမယ်။ ယဉ်ကျေးမှုကို လေးစားလိုက်နာရမယ်။ နယ်မြေနယ်စပ်တွေကို အလေးထားရမယ်။ ငြိမ်းချမ်းစွာ နေထိုင်သွားကြရမှာ ဖြစ်တယ်။"ဟု ထရမ့်က ပြောခဲ့သည်။

တရုတ်နိုင်ငံသည် မဟာဗျူဟာ အချက်အချာ အလွန်အရေးပါသော တောင်တရုတ်ပင်လယ် ရေပြင်အားလုံးနီးပါးလောက်ကို ၎င်းပိုင်ဆိုင်ကြောင်း အခိုင်အမာ ပြောဆိုထားပြီး ယင်းပိုင်ဆိုင်မှုနှင့် ပတ်သက်ကာ အိမ်နီးချင်းနိုင်ငံများနှင့် အငြင်းပွားနေလျက် ရှိသည်။ ထိုအငြင်းပွား ရေပြင်နယ်မြေအတွင်းရှိ သန္တာကျောက်တန်းများအား တရုတ်က စစ်လေယာဉ်များပါ ဆင်းသက် တပ်စွဲနိုင်သော လူလုပ်ကျွန်းများအဖြစ် တည်ဆောက်လျက် ရှိနေသည်။

ဇန်နဝါရီလက ထရမ့် သမ္မတ တာဝန် စတင်ယူပြီးနောက်ပိုင်း အဆိုပါ တရုတ်စိုးမိုးထားရာ ကျွန်းများအနီး ရေကြောင်းကင်းလှည့်မှု သုံးကြိမ် လုပ်ဆောင်ခဲ့ပြီး တရုတ်၏ ရေပိုင်နက် အခိုင်အမာ ပြုနေမှုအား စိန်ခေါ်လိုက်သကဲ့သို့ လုပ်ဆောင်ခဲ့သည်။

"ခုကာလ အချိန်တွေမှာ တစ်ချို့နိုင်ငံတွေက လွတ်လပ်တဲ့ ရေကြောင်းလို့ ခေါင်းစဉ်တပ်ပြီး တောင်တရုတ်ပင်လယ်အနီး လေယာဉ်တွေ၊ သင်္ဘောအုပ်တွေ ဖြတ်သန်းသွားလာတာတွေ ရှိခဲ့တယ်။"ဟု တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ လုခန်းက စက်တင်ဘာ ၂၀ တွင် ပြောသည်။

"အမှန်ဆိုရင် ဒီအပြုအမူဟာ တောင်တရုတ်ပင်လယ် နိုင်ငံတွေရဲ့ အချုပ်အခြာကို ခြိမ်းခြောက်တဲ့ အပြုအမူတွေလို့ ကျွန်တော် မြင်ပါတယ်။"ဟု ၎င်းက ပြောခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly