AK-47 တီထွင်သူ မီခေးလ်ကာလာရှန်နီကော့ဗ်၏ ရုပ်တုအား မော်စကိုတွင် ဖွင့်လှစ်ပြသ

By AFP
20 September 2017
AK-47 တီထွင်သူ မီခေးလ်ကာလာရှန်နီကော့ဗ်၏ ရုပ်တုအား မော်စကိုတွင် ဖွင့်လှစ်ပြသ

မော်စကို၊ စက်တင်ဘာ ၂၀ ။          ။ စစ်အခမ်းအနားနှင့် ရိုးရာဓလေ့ ပူးပေါင်းကာ အငြင်းပွားဖွယ် အခမ်းအနားတစ်ရပ်ဖြင့် ရုရှနိုင်ငံ မော်စကိုမြို့တော်တွင် AK-47 ရိုင်ဖယ် တီထွင်သူ မီခေးလ်ကာလာရှန်နီကော့ဗ်၏ ရုပ်တုကို ဖွင့်လှစ်ပြသသည်။

ကိုးမီတာ (ပေ သုံးဆယ်) အမြင့်ရှိသည့် မီခေးလ်၏ ရုပ်တုတွင်  ၎င်းတီထွက်သော AK-47 အော်တိုရိုင်ဖယ်ကိုပါ ဆွဲကိုင်ထားလျက် ထုလုပ်ထားခြင်း ဖြစ်သည်။ စက်တင်ဘာ ၁၉ ရက်က ပြုလုပ်သော အဆိုပါ ရုပ်တုဖွင့်ပွဲသို့ ရုရှ ယဉ်ကျေးမှုဝန်ကြီးနှင့် မော်စကို လက်ထောက်မြို့တော်ဝန်တို့ အပါအဝင် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။

“ဒါက ရုရှရဲ့ ယဉ်ကျေးမှု အမှတ်သညာပဲ။”ဟု ရုပ်တုအား ကောင်းချီးပေးသည့် အော်သိုဒေါ့ဇ်ဘုန်းတော်ကြီး ရှေ့မှောက်တွင် ယဉ်ကျေးမှု ဝန်ကြီး မီဒင်စကီးက ပြောသည်။

“သူဟာ ဒီလက်နက်ကို သူ့အမိမြေအတွက် တီထွင်ခဲ့တယ်။”ဟု ဘုန်းတော်ကြီး ခွန်စတန်တင်းက ချီးမွှမ်းသည်။

ရုပ်တုဖွင့်ပွဲတစ်လျှောက် ရုရှကာကွယ်ရေးဝန်ကြီးဌာနမှ ဂုဏ်ထူးဆောင်အစောင့်စစ်သည်က သတိဆွဲ မတ်တပ်ရပ်နေခဲ့သလို ဒုတိယကမ္ဘာစစ်ကာလ သီချင်းများကို ဖွင့်လှစ်ခဲ့သည်။

“ငါတို့ရဲ့ ဒီလက်နက်ဟာ ကြီးကျယ်တဲ့ လက်နက်တစ်လက်ပဲဖြစ်တယ်။”ဟု ရုရှအောသိုဒေါ့ဇ်ဘုရားကျောင်း ပြောခွင့်ရဘုန်းတော်ကြီးကလည်း ဖေ့ဘုတ်တွင် ရေးသားသည်။

တင့်ကားတပ် တပ်မှူးဖြစ်သည့် ကာလာရှန်နီကော့ဗ်သည် စစ်သားများက လက်နက်များ၏ အရည်အသွေးနှင့် ပတ်သက်ပြီး ညည်းညူသံများ ကြားရာမှ AK-47 အား တီထွင်ခဲ့ခြင်းဖြစ်သည်။ ပထမဆုံး ယင်းလက်နက်၏ မော်ဒယ်ကို ၁၉၄၇ ခုနှစ်က စတင်ထုတ်လုပ်ခဲ့ရာ ၎င်းအနေဖြင့် စတာလင်ဆုနှင့် ကြယ်နီအမိန့်ဆုတံဆိပ်တို့ကို ချီးမြှင့်ခံရသည်။

ယနေ့ခေတ်တွင် ကမ္ဘာတစ်ဝန်း AK-47 ရိုင်ဖယ်များ အသုံးပြုနေသည်မှာ သန်း ၁၀၀ ကျော်အထက် ရှိနေသည်။ စစ်တပ်ရော၊ စစ်သွေးကြွအကြမ်းဖက်များပါ ခုံမင်နှစ်သက်သည့် AK-47 ရိုင်ဖယ်များ၏ သေနတ်ပြောင်းဝ သေဆုံးသူပေါင်းသည် နှစ်စဉ် နှစ်သိန်းခွဲမျှ ရှိနေသည်။

AK-47 ရိုင်ဖယ်ကို မိုဇမ်ဘစ်နှင့် ဟဇ်ဘိုလာတို့၏ အလံများတွင် ရိုက်နှက်ဖော်ပြကြသကဲ့သို့  ဇမ်ဘာဘွေနှင့် အရှေ့တီမော စစ်တပ်များ၏ လက်မောင်းတံဆိပ်များတွင်လည်း အသုံးပြုရိုက်နှိပ်ထားကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly