အမေရိကန်ပြည်ထောင်စုက ကျူးဘားကို စီးပွားရေးပိတ်ဆို့ထားခဲ့သည့်အတွက်ဒေါ်လာသန်းပေါင်း များစွာပေးရန် တာဝန်ရှိဟု ဖီဒဲ ကပ်စထရိုပြောကြား

အမေရိကန်ပြည်ထောင်စုက ကျူးဘားကို စီးပွားရေးပိတ်ဆို့ထားခဲ့သည့်အတွက်ဒေါ်လာသန်းပေါင်း များစွာပေးရန် တာဝန်ရှိဟု ဖီဒဲ ကပ်စထရိုပြောကြား

ဟာဗားနား ။           ။ ကျူးဘားခေါင်းဆောင်ဟောင်း ဖီဒဲ ကပ်စထရိုက ၎င်း၏ ၈၉နှစ်မြောက်မွေးနေ့မှာ ရာစုနှစ်ဝက်ကြာအောင် ကုန်သွယ်ရေးပိတ်ဆို့ထားခဲ့သည့်အတွက် အမေရိကန်ပြည်ထောင်စုက ကျူးဘားသို့ ဒေါ်လာသန်းပေါင်းများစွာ ပေးဆပ်ရန် တာဝန်ရှိသည်ဟု ပြောကြားလိုက်သည်။

နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်မှု၏ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ ကျူးဘားသို့ သမိုင်းဝင်အလည်အပတ်ခရီး သွားရောက်မည့်နေ့မတိုင်မီ တွင်ကပ်စထရိုက ဒေသတွင်းမီဒီယာတစ်ခုတွင် ပုံနှိပ်ထုတ်ဝေခဲ့သည့် အက်ဆေးတစ်ပုဒ်တွင် ယခုကဲ့သို့ပြောကြား ခဲ့ခြင်းပင်ဖြစ်သည်။

ကပ်စထရိုက အမေရိကန်နောက်ခံပြုအစိုးရကို ဖြုတ်ချ၍ အာဏာသိမ်းယူခဲ့ပြီး သုံးနှစ်အကြာ ၁၉၆၂ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုက ကွန်မြူနစ်ကျူးဘားကို ကုန်သွယ်ရေးပိတ်ပင်မှုမှာ တင်းမာမှု များပျော့ပြောင်းသွားခဲ့သည့် ယခုအချိန်အထိ လွှမ်းမိုးသက်ရောက်နေဆဲ ဖြစ်သည်။

သမ္မတအိုဘားမားက ကွန်ဂရက်ကို ပိတ်ပင်မှုကို ဖယ်ရှားပေးစေလိုသော်လည်း အမေရိကန်အာဏာပိုင်များကမူ အချိန်ယူရဦးမည်ဖြစ်ကြောင်းနှင့် ပိတ်ပင်မှုဖယ်ရှားရေးမှာ သံတမန်ဆက်ဆံရေးပြန်လည် ထူထောင်မှု၏ ကျွဲကူးရေပါအစိတ်အပိုင်းမဟုတ်သောကြောင့် ကွန်ဂရက်၏ သဘောတူခွင့်ပြုမှု လိုအပ်မည်ဖြစ်ကြောင်း ပြောကြားသည်။

လွှွတ်တော်နှစ်ရပ်စလုံးကို ထိန်းချုပ်ထားသည့် ရီပတ်ဘလီကင်အတော်များများကမူ ကျူးဘားအပေါ် ပိတ်ပင်မှုဖယ်ရှားပေးရန်ကို ဆန့်ကျင်ကြပြီး ကျူးဘားအနေဖြင့် လူ့အခွင့်အရေးအခြေအနေများ တိုက်းတက်ကောင်းမွန်လာရန်နှင့် အခြားဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် လိုအပ်နေသေးသည်ဟု ပြောကြားကြသည်။

''ကျွန်တော်တို့ရဲ့နိုင်ငံဟာ ကုလသမဂ္ဂမှာပြောခဲ့တဲ့ မိန့်ခွန်းတွေထဲမှာ မငြင်းကွယ်နိုင်တဲ့ အကြာင်းအချက်တွေကို တင်ပြခဲ့ပြီးဖြစ်တာမို့ ကျူးဘားဟာ ဆုံးရှုံးခဲ့တာနဲ့ညီမျှတဲ့လျော်ကြေးဒေါ်လာ သန်းပေါင်းများ စွာ ရသင့်ပါတယ်''ဟု ကပ်စထရိုက ရေးသားခဲ့ခြင်းပင်ဖြစ်သည်။  

ဝါရှင်တန်က ဟာဗားနားကို ဘယ်ရွေ့ဘယ်မျှ အတိအကျပေးသင့်သည်ကိုတော့ ဖီဒဲ ကပ်စထရိုက ဖော်ပြထားခြင်းမရှိပေ။ အမေရိကန်များကလည်း ကပ်စထရိုအာဏာရစဉ်က သိမ်းယူခဲ့သည့် အိမ်ခြံမြေ ကဲ့သို့သော အမေရိကန်ပိုင် ဓနဥစ္စာများအတွက် လျော်ကြေးပေးရန် တောင်းဆိုနေကြသည်။

အိုဘားမားနှင့် ကပ်စထရိုကို ဆက်ခံသော ညီဖြစ်သူ ရာအူးတို့နှစ်ဦးက သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်ရန် စီမံကိန်းများကို ကြေညာပြီး ၈လအကြာတွင် ဖြစ်ပေါ်တိုးတက်လာခဲ့သည့် ဂျွန်ကယ်ရီ ၏ သံရုံးပြန်ဖွင့်ရန် အလည်အပတ်ခရီးနှင့် ပတ်သက်၍မူ ကပ်စထရိုက တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်းမရှိခဲ့ပေ။ ကပ်စထရိုမှာ ၂၀၀၆ခုနှစ်တွင် ကျန်းမာရေးချွတ်ယွင်းလာသောကြောင့် ညီဖြစ်သူ ရာအူး ထံသို့ အာဏာလွှဲပေးခဲ့သည်။

ဖီဒဲ ကပ်စထရိုမှာ အာဏာကို စွန့်လွှတ်ပြီးနှစ်များတွင် ကွန်မြူနစ်ပါတီသတင်းစာဖြစ်သည့် Granma နှင့် အခြားမီဒီယာများတွင် အက်ဆေးများ မကြာခဏရေးသားနေခဲ့သည်။

''ကျေနပ်လောက်ဖွယ်အဖြေကို သိပ္ပံပညာမှာ ရှာဖွေတဲ့ ပညာရှင်တွေကလွဲရင် ကျုပ်တို့သနားစရာလူသားတွေဟာ မသိမှုအဝိဇ္ဇာနဲ့ ရင်ဆိုင်ရချိန်မှာ ပိုပြီးပညာတတ်ရမယ်လို့ ယုံကြည်စွဲမြဲနေရင် စာရေးသားခြင်းဟာ ကိုယ့်ကိုယ်ကို အသုံးဝင်အောင်နေထိုင်တဲ့ နည်းတစ်ခုပါပဲ''ဟု ကပ်စထရိုက ရေးသားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly