အီရန်မှာ အဓမ္မပြုကျင့် လူသတ်ခဲ့တဲ့ အမျိုးသားတစ်ဦးကို လူမြင်ကွင်းရှေ့မှာ ကြိုးပေးကွပ်မျက်

By AFP
20 September 2017
အီရန်မှာ အဓမ္မပြုကျင့် လူသတ်ခဲ့တဲ့ အမျိုးသားတစ်ဦးကို လူမြင်ကွင်းရှေ့မှာ ကြိုးပေးကွပ်မျက်

စက်တင်ဘာ ၂၀ ။           ။ အီရန်မှာ အသက်ခုနစ်နှစ်သာရှိသေးတဲ့ မိန်းကလေးငယ်လေးတစ်ဦးအား အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့တဲ့ အမျိုးသားတစ်ဦးကို စက်တင်ဘာ ၂၀ ရက်မှာပဲ လူမြင်ကွင်းရှေ့မှာ အာဏာပိုင်တွေက ကြိုးပေးကွပ်မျက်လိုက်တယ်လို့ သိရပါတယ်။

အသက် ၄၂ နှစ်အရွယ် လူသတ်မုဒိန်းကောင်ဖြစ်တဲ့ အစ္စမေးလ် ဂျက်ဖာဇက်ဒါ ဆိုသူ အမျိုးသားအား ယခုလို စီရင်ကွပ်မျက်လိုက်ပုံကို ရိုက်ကူးထားတဲ့ ဗီဒီယိုကိုလည်း နိုင်ငံပိုင် ရုပ်သံဝက်ဆိုဒ်မှာ ဝေမျှဖော်ပြခဲ့ပါတယ်။

အဓမ္မကျင့် လူသတ်ခဲ့တဲ့ ယခု တရားခံအမျိုးသားကို ပါဆာဘက်ဒ်မြို့ ရင်ပြင်မှာ စက်တင်ဘာ ၂၀ ရက် နံနက်အာရုံတက်ချိန်မှာ ကြိုးပေးခဲ့တာဖြစ်ပါတယ်။

" ခုလို လူပုံအလယ်မှာ သူ့ကို ခုလို စီရင်ပြလိုက်တာက ပြည်သူတွေရဲ့ လုံခြုံရေး ပြန်လည် ရရှိရေးအတွက်သာမကဘဲ သူတို့တွေခံစားနေခဲ့ရတဲ့ သောကတွေကို ပြေပျောက်သွားစေဖို့ ဖြစ်ပါတယ်" ဆိုပြီး အစိုးရရှေ့နေတစ်ဦးဖြစ်တဲ့ နာဆာ အတက်ဘာတီက ပြောသွားပါတယ်။

ယခုဖြစ်စဉ်မှာ အသက် ခုနစ်နှစ်အရွယ် အေတန်နာ အက်စ်လာနီ ဆိုသူ မိန်းကလေးငယ်လေးဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်က ပျောက်ဆုံးသွားခဲ့ပြီးနောက် အဓမ္မကျင့်သတ်ဖြတ်ခံလိုက်ရတဲ့ဖြစ်စဉ်ကို ဖော်ထုတ်စစ်ဆေးနိုင်ခဲ့တာဖြစ်ပါတယ်။

ယင်းနောက် သူမရဲ့ အလောင်းကို တရားခံဖြစ်သူ အစ္စမေးလ်ရဲ့နေအိမ် ဂိုဒေါင်ထဲမှာ ပြန်ရှာတွေ့ခဲ့ပြီး သံသယရှိ တရားခံ အစ္စမေးလ်ကလည်း မိန်းကလေးငယ်လေးကို အဓမ္မကျင့် သတ်ဖြတ်ခဲ့ကြောင်း ထုတ်ဖော်ဝန်ခံခဲ့တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly