နှစ်ဖက်စလုံးအား မျှတစွာထောက်ပံ့နိုင်ရန် ကြက်ခြေနီလှုပ်ရှားမှုဖြင့် ဆောင်ရွက်သွားမည်

နှစ်ဖက်စလုံးအား မျှတစွာထောက်ပံ့နိုင်ရန် ကြက်ခြေနီလှုပ်ရှားမှုဖြင့် ဆောင်ရွက်သွားမည်

ရန်ကုန် ၊ စက်တင်ဘာ ၂၀ ။            ။ ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်များကြောင့် လူသားခြင်းစာနာထောက်ထားမှုအကူအညီများကို နိုင်ငံတကာမှ ကူညီပေးနေမှုများ ရှိပြီး ယင်းအကူအညီများကို ကြက်ခြေနီလှုပ်ရှားမှု((Red Cross Movement)ဖြင့်သာ ဆောင်ရွက်သွားမည်ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မဇ္ဈိမသို့ အတည်ပြုပြောဆိုသည်။

"လူသားခြင်းစာနာထောက်ထားမှုအကူအညီတွေဟာ နိုင်ငံတကာအနေနဲ့ကတော့ ကြက်ခြေနီလှုပ်ရှားမှု (Red Cross Movement) နဲ့သွားနေတယ်။ နှစ်ဖက်အဖွဲ့အစည်းကို မျှမျှတတဖြစ်အောင်   ဆောင်ရွက်ရမှာဖြစ်တာ ကြောင့် အစိုးရက ဦးဆောင်ပြီးတော့ ကြက်ခြေနီလှုပ်ရှားမှု Red Cross Movement နဲ့ တစ်ဖက် မူဆလင်ရွာတွေပါ ရောက်အောင်ဖြန့်ပေးနေတယ်" ဟု ဒေါက်တာဝင်းမြတ်အေးက မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေဆိုခဲ့သည်။

ယမန့်နေ့ နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖေါ်ဆောင်ရေး ကော်မတီတွင် ဥက္ကဋ္ဌ ဖြစ်သူ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး   ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးထံ အမေရိကန်ပြည်ထောင်စု ဒုတိယလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr. Patrick Murphy နှင့်အဖွဲ့က တွေ့ဆုံခဲ့ပြီး လူသားခြင်း စာနာထောက်ထားမှုဆိုင်ရာ ကူညီပေးရေး ကိစ္စရပ်များ ဆွေးနွေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံမှုတွင် အမေရိကန် ဒုတိယလက်ထောက်နိုင်ငံခြားရေးဝန်ကြီးက နေရပ်စွန့်ခွာရသူအားလုံး အကူအညီရရှိရေး ဆောင်ရွက်မည့်အစီအစဉ်တွင် နိုင်ငံတကာအဖွဲ့အစည်းများက ပံ့ပိုးကူညီလိုသူအားလုံး ပူးပေါင်းဆောင်ရွက်နိုင်ရေး မေးမြန်းခဲ့ရာ ပြည်ထောင်စုဝန်ကြီးက  ကြက်ခြေနီလှုပ်ရှားမှုဖြင့်သာ ကူညီဆောင်ရွက်ပေးနေသည်ဟု ပြန်လည်ဖြေဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly