ကျောက်ဖြူမြို့တွင် ၅ ထောင်တန် ငွေစက္ကူအတု ၅၄ ရွက် သိမ်းဆည်းရရှိ

ကျောက်ဖြူမြို့တွင် ၅ ထောင်တန် ငွေစက္ကူအတု ၅၄ ရွက် သိမ်းဆည်းရရှိ
လက်ရှိအသုံးပြုနေသော 5000 တန် အစစ်များအားတွေ့ရစဉ်။

ကျောက်ဖြူ၊ စက်တင်ဘာလ ၂၀ ရက်။          ။ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ၅ ထောင်တန်ငွေစက္ကူအတု စုစုပေါင်းတန်ဖိုး (၂၇၀၀၀၀) ကျပ်ကို စက်တင်ဘာလ ၁၉ ရက်နေ့က သိမ်းဆည်းရရှိခဲ့ကြောင်း ကျောက်ဖြူမြို့မ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကျောက်ဖြူမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ငွေလာလှဲလှယ်သည့်သူများတွင် ရောပြီးပါလာခြင်းကြောင့် အဆိုပါငွေစက္ကူအတုများကို မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ရှိသူတစ်ဦးက သက်ဆိုင်ရာ ကျောက်ဖြူမြို့ မရဲစခန်းသို့ လာရောက်အပ်နှံခြင်းဖြစ်ကြောင်း ကျောက်ဖြူမြို့မရဲစခန်းမှ ရဲအုပ် ဦးလှမိုးက RiAကို ပြောသည်။

“ငွေအတု သိမ်းဆည်းရတယ်ဆိုတာတော့ ဟုတ်ပါတယ်။ မြန်မာ့စီးပွားရေးဘဏ်ကနေပြီး ၁၉ ရက်နေ့မှာ လာအပ်ပေးတာပါ။ ၅ ထောင်တန်အတု အရွက် (၅၄) ရွက်ပါ။ ငွေလာလဲတဲ့သူတွေမှာ   ရောပြီးကျန်ခဲ့တာဆိုပြီး ကျွန်တော်တို့ဆီကို လာအပ်တာ ဖြစ်ပါတယ်။”ဟု ရဲအုပ် ဦးလှမိုးက ပြောကြားသည်။

လက်ရှိမှာ ကျောက်ဖြူမြို့ မြန်မာ့စီးပွားရေးဘဏ်က လာအပ်သည့် ငွေစက္ကူအတု ၅၄ ရွက်ကို ကျောက်ဖြူမြို့မ ရဲစခန်းတွင် သိမ်းဆည်းထားပြီး ငွေစက္ကူအတုများကို ကိုင်ဆောင်ပြီး လာရောက်လဲလှယ်သူကို ဖမ်းဆီးနိုင်ရေး အတွက် ကျောက်ဖြူမြို့မ ရဲစခန်းမှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျှက်ရှိကြောင်းလည်း သူကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly