ဖယ်လိုင်နီ၏ ခြေစွမ်းအကောင်းဆုံး ရောက်နေပြီဟု မော်ရင်ဟိုချီးကျူး

ဖယ်လိုင်နီ၏ ခြေစွမ်းအကောင်းဆုံး ရောက်နေပြီဟု မော်ရင်ဟိုချီးကျူး

စက်တင်ဘာ ၂၀၊ မန်ချက်စတာ။         ။ မိုက်ကယ်ကာရစ်နှင့် ဟာရဲရားတို့ကိုအသုံးမပြုခြင်းမှာ မက်တစ်နှင့် ဖယ်လိုင်နီတို့ အကောင်းဆုံးပုံစံရနေ၍ ဖြစ်သည်ဟု မန်ချက်စတာယူနိုက်တက်နည်းပြ မော်ရင်ဟိုကပြောသည်။

ယူနိုက်တက်သည် ရာသီအစပိုင်းတွင် ရလဒ်ကောင်းများရနေပြီး ငါးပွဲကစား ၁၃ မှတ်ဖြင့် မန်ချက်စတာစီးတီးအသင်းနှင့်အတူ အမှတ်ပေးဇယားထိပ်တွင် ပူးတွဲဦးဆောင်နေသည်။

အထူးသဖြင့် ယူနိုက်တက်၏ ကွင်းလယ်ပိုင်းသည် သတိပြုမိစရာဖြစ်နေပြီး ချယ်လ်ဆီးမှပြောင်းလာသည့် မက်တစ်သည် ပေါ့ဂ်ဘာနှင့်အတွဲညီစွာခြေစွမ်းပြနေသကဲ့သို့ ဖယ်လိုင်နီသည်လည်း ချန်ပီယံလိဂ်တွင် ဘေဆယ်ကို ၃-၀ ဂိုးဖြင့်အနိုင်ရသည့် အချို့ပွဲများတွင် ခြေစွမ်းကောင်းပြသနေသည်။

အကျိုးဆက်အဖြစ် ကာရစ်နှင့် ယမန်နှစ်ယူနိုက်တက်အကောင်းဆုံး ကစားသမား ဟာရဲရားတို့မှာ ကစားခွင့်ရရန်ရုန်းကန်နေရပြီး အသက် ၃၆ နှစ်အရွယ်ကာရစ်မှာ လိဂ်ပွဲတစ်ပွဲမှ ကစားခွင့်ရခြင်းမရှိသေးပေ။

မော်ရင်ဟိုက “ဂိုးသမားရိုမီယိုဟာ မနှစ်တုန်းက ကျွန်တော်တို့ရဲ့အကောင်းဆုံးပွဲအဖြစ် ယူရိုပါလိဂ်ဗိုလ်လုပွဲကစားခဲ့ရပေမယ့် ဒီနှစ်မကစားရသေးဘူး။

ဟာရဲရားကလည်း မနှစ်တုန်းက အသင်းရဲ့အကောင်းဆုံး ကစားသမားဆိုပေမယ့် ပွဲမထွက်ရသေးဘူး။ အဲဒါဟာ အသင်းကြီးတွေက ဘဝပဲ။

ကျွန်တော်တို့ ကာရစ်ကိုကစားသမားကောင်းတစ်ယောက်လို့ထင်တဲ့အတွက် စာချုပ်သစ်ချုပ်ခဲ့တယ်။ သူကအရေးကြီးတဲ့ ကစားသမားပါ။

အခုအချိန်မှာက မက်တစ်နဲ့ဖယ်လိုင်နီက ကျွန်တော်တွေ့ခဲ့ဖူးတဲ့သူတို့ရဲ့ခြေစွမ်းတွေထဲမှာ အကောင်းဆုံးဖြစ်နေတယ်။ မက်တစ် ဒီလောက်ကောင်းတာကို ကျွန်တော်မတွေ့ခဲ့ဖူးသလို ဖယ်လိုင်နီလည်း ဒီအတိုင်းပဲ။

ဒီတော့ ကာရစ်က သိပ်ခြေစွမ်းပြနေတဲ့ ကစားသမားနှစ်ယောက်ရှိတဲ့အသင်းမှာရှိနေရတယ်။ ကာရစ်နဲ့ ဟာရဲရားတို့အနေနဲ့ စိတ်ရှည်ကြပါ။ သူတို့ရဲ့အချိန်ရောက်လာမှာပါ။ သူတို့က အရေးကြီးတဲ့ ကစားသမားတွေဖြစ်လာဦးမှာ သေချာပါတယ်”ဟု ပြောသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly