ရန်ကုန်မြို့တွင်း ၆ မြို့နယ်၌ မျဉ်းဝါတား ကားပါကင်နေရာများ ပြုလုပ်မည်

ရန်ကုန်မြို့တွင်း ၆ မြို့နယ်၌ မျဉ်းဝါတား ကားပါကင်နေရာများ ပြုလုပ်မည်

ရန်ကုန် ၊ စက်တင်ဘာ ၂၀ ။          ။ ရန်ကုန်မြို့တွင်း ၆ မြို့နယ်အပါအဝင် လူနေထူထပ်သည့် မြို့နယ်များ၌ မျဉ်းဝါတားကားပါကင်များကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက စီစဉ်ဆောင်ရွက်သွားဟု မြို့တော်ဝန် စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက လွှတ်တော်၌ ကတိပေးပြောဆိုလိုက်သည်။

"ရန်ကုန်မြို့တွင်း ၆ မြို့နယ်တင်မကပါဘူး၊ ရန်ကုန်မြို့၃၃ မြို့စလုံးမှာ လူနေထူထပ်တဲ့ နေရာမျိုးမှာ ဒီပြဿနာမျိုး ရှိလာပါတယ်။ မျဉ်းဝါတားပါကင်တွေကို လုပ်ဖို့ လိုအပ်နေပါတယ်၊ ဒါလည်း အမှန်တကယ် လုပ်ဆောင်ရမယ့် အခြေအနေဖြစ်ပါတယ်။ ဒီမျဉ်းဝါတား ကားပါကင်တွေကို လုပ်ဆောင်ပေးဖို့ အစီအစဉ် ရှိနေပါတယ်" ဟု ဦးမောင်မောင်စိုးက ဆိုသည်။

ယနေ့ စက်တင်ဘာ ၂၀ ရက်နေ့တွင် ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ခုနစ်ရက်မြောက်နေ့တွင် စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက လွှတ်တော်၌ အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

ပန်းဘဲတန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦး၏ "မြို့တွင်း ၆ မြို့နယ်တွင် မော်တော်ယာဉ်များ စနစ်တကျရပ်နားရန် မျဉ်းဝါတားပါကင်နေရာများ ဆောင်ရွက်ပေးရန် ရှိ/မရှိ" မေးမြန်းမှုကို ပြန်လည်ဖြေဆိုခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ရန်ကုန်မြို့အတွင်း၌ လူနေထူထပ်မှုများလာခြင်းကြောင့် ကားအသုံးပြုမှုများ ပိုမိုများပြားလာကာ ယာဉ်ကျောကြပ်တည်းမှုပြဿနာ ဖြစ်လာနေပြီး ယင်းပြဿနာကို ပူးပေါင်းအဖြေရှာရန်လိုအပ်သည်ဟု ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

ရန်ကုန်မြို့တွင်း ၆ မြို့နယ်မှာ လသာ၊ လမ်းမတော်၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ ဗိုလ်တစ်ထောင်၊ ပုဇွန်တောင်မြို့နယ်တို့ ဖြစ်ပြီး ယာဉ်အသွားအလာရှုပ်ထွေးကြပ်တည်းသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly