ရန်ကုန်စည်ပင်သာယာနယ်နမိတ်အတွင်း လမ်းများတည်ဆောက်ခြင်းကို Third Party ဖွဲ့စည်း စစ်ဆေးမည်

ရန်ကုန်စည်ပင်သာယာနယ်နမိတ်အတွင်း လမ်းများတည်ဆောက်ခြင်းကို Third Party ဖွဲ့စည်း စစ်ဆေးမည်

ရန်ကုန် ၊ စက်တင်ဘာ ၂၀ ။        ။ ရန်ကုန်မြို့တော်စည်ပင်သာယာ နယ်နမိတ်အတွင်း လမ်းများ တည်ဆောက်ရာတွင် စံချိန်စံညွှန်းနှင့် ကိုက်ညီမှုရှိ မရှိ ကို စည်ပင်သာယာ လက်အောက်ခံမဟုတ်သည့် လွတ်လပ်သည့် တတိယအဖွဲ့အစည်း(Third Party) ဖွဲ့စည်း စစ်ဆေး သွားမည်ဟု ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးကယနေ့ ပြောဆိုလိုက်သည်။

"ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အနေနဲ့ လုပ်ငန်းတွေကို Third Party နဲ့ အပ်ပြီးတော့ စုံစမ်းနေပါတယ်။ Third Party သည် လွတ်လပ်တဲ့ အဖွဲ့အစည်းဖြစ်တာကြောင့် အရည်အသွေးကောင်းလာမယ်လို့ မျှော်လင့်ရပါတယ်" ဟု ၎င်းက ဆိုသည်။

ယနေ့ စက်တင်ဘာ ၂၀ ရက်နေ့တွင် ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ခုနစ်ရက်မြောက် နေ့ တွင် ရန်ကုန်မြို့တော်ဝန် စည်ပင်သာယာရေး ဝန်ကြီး ဦးမောင်မောင်စိုးက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

လသာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းနိုင်၏ "စံချိန်စံညွှန်းမမီအောင် ဆောင်ရွက်ခဲ့သောလုပ်ငန်းများကို စစ်ဆေးအရေးယူရန် ရှိ/မရှိ" မေးခွန်းနှင့်ပတ်သက်ပြီး စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက ဖြေဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါ စံချိန်စံညွှန်းနှင့် ညီမညီ စစ်ဆေးရန် ယခု ဘဏ္ဍာနှစ်မှ စတင်ဆောင်ရွက်ခြင်းဖြစ်ပြီး လုပ်ငန်းကုန်ကျငွေ၏ နှစ်ရာခိုင်နှုန်းပေးပြီး လွတ်လပ်သည့်တတိယအဖွဲ့အစည်း(Third Party) ကို ဖွဲ့စည်းဆောင်ရွက်စေခြင်းဖြစ်ကြောင်း သိရသည်။

"Third Party ကအရည်အသွေးပြည့်မှုမပြည့်မှုကို တောက်လျှောက်တာဝန်ယူရပါတယ်။ ဒါကြောင့်မို့ အရည်အသွေး ပြည့်မှီခြင်း မပြည့်မှီခြင်းဆိုတာ Third party ရဲ့ ဆုံးဖြတ်ချက်နဲ့ သွားပါမယ်" ဟု ဦးမောင်မောင်စိုးက ပြောဆိုခဲ့သည်။

သို့သော်မည်သို့အရေးယူမည်ဆိုခြင်းကိုမူ ထည့်သွင်းဖြေဆိုခဲ့ခြင်းမရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly