အောင်စစ်သည်အဝေးပြေးယာဉ် ဝင်တိုက်ရာမှ လမ်းဖြတ်ကူးနေသူ တစ်ဦးသေဆုံး

အောင်စစ်သည်အဝေးပြေးယာဉ် ဝင်တိုက်ရာမှ လမ်းဖြတ်ကူးနေသူ တစ်ဦးသေဆုံး
ဓာတ်ပုံ-ကိုထင်လင်းအောင်

ရန်ကုန်၊ စက်တင်ဘာလ ၂ဝ ။           ။ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ် ၃ လမ်းမ၊ အ.ထ.က ၇ ကျောင်းရှေ့အနီး တွင် စက်တင်ဘာလ ၁၉ ရက်၊ ည ၉ နာရီခွဲအချိန်၌ လမ်းဖြတ်ကူးနေသူ အမျိုးသားတစ်ဦးကို  မြဝတီမှ ရန်ကုန်သို့ ဝင်လာသည့် အောင်စစ်သည်အဝေးပြေးယာဉ်က ဝင်တိုက်ရာမှ လမ်းကူးသူ သေဆုံးသွားခဲ့သည်။

ဝင်တိုက်ခံရသူ အမျိုးသားအား ပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့မှ ဆေးရုံသို့ အချိန်မီ ကူညီပို့ဆောင်စဉ် လမ်းတွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

 “ အဲ့ဒီ လမ်းဖြတ်ကူးရင်း ကားဝင်တိုက်ခံရတဲ့ အမျိုးသားမှာ နောက်စိချိုင့်ဝင်ဒဏ်ရာ၊ နားသွေးထွက်ဒဏ်ရာတွေ ပွန်းပဲ့ပြင်းထန်ဒဏ်ရာတွေရရှိခဲ့တဲ့အတွက် ကျွန်တော်တို့ ဆေးရုံပို့ဆောင်နေစဉ်မှာပဲ လမ်းမှာ သေဆုံးသွားခဲ့ တယ်”ဟု ပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့မှ စခန်းမှူး ကိုထင်လင်းအောင်က မဇ္ဈိမသို့ ပြောသည်။

ယာဉ်တိုက်ခံရမှုကြောင့် သေဆုံးသွားသော အမျိုးသားမှာ အသက် ၂ဝ ဝန်းကျင်ခန့်ရှိပြီး ပြည်ပအလုပ် အကိုင်သင်တန်းကျောင်းတွင် သင်တန်းတက်ရောက်နေသော သင်တန်းသားတစ်ဦးဖြစ်ကြောင်း ကိုထင်အောင် က ဆက်လက်ပြောပြသည်။

လက်ရှိတွင် ယာဉ်တိုက်မှုကျူးလွန်ခဲ့သည့် ယာဉ်မောင်းကို  ရန်ကုန်မြောက်ပိုင်းခရိုင် ယာဉ်ထိန်းတပ်ဖွဲ့မှ အရေးယူထားကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly