ကာဗာနီကိုရောင်းရန် ပီအက်စ်ဂျီအသင်းထံ နေမာ တောင်းဆို

ကာဗာနီကိုရောင်းရန် ပီအက်စ်ဂျီအသင်းထံ နေမာ တောင်းဆို

စက်တင်ဘာ ၂၀၊ ပြင်သစ်  ။                  ။ ပင်နယ်တီကန်သွင်းရန် အငြင်းအခုံဖြစ်ပွားခဲ့ပြီးသည့်နောက် ကာဗာနီအားရောင်းချရန် နေမာက ပီအက်စ်ဂျီအသင်းထံ တောင်းဆိုလိုက်သည်ဟု စပိန်အားကစားသတင်းစာတစ်ခုက ဖော်ပြသွားခဲ့သည်။

လိုင်ယွန်အား ၂-၀ ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲစဉ်တွင် ပီအက်စ်ဂျီတိုက်စစ်မှူးနှစ်ဦးသည် ပင်နယ်တီကန်သွင်းရန် နေရာလုခဲ့ကြသလို ပြစ်ဒဏ်ဘောကန်သွင်းရန်လည်း ဘောလုံးလုယူမှု ဖြစ်ပွားခဲ့ကြသည်။ ပင်နယ်တီကို ကာဗာနီက ကန်သွင်းခဲ့ပြီး ပြစ်ဒဏ်ဘောကို နေမာကန်သွင်းခဲ့သော်လည်း နှစ်ဦးစလုံးဂိုးဝင်အောင် ကန်သွင်းနိုင်ခြင်း မရှိခဲ့ကြပေ။

နေမာနှင့်ကာဗာနီတို့သည် ကွင်းအတွင်း ပြဿနာဖြစ်ပွားခဲ့သည့်အပြင် ပွဲအပြီး၌လည်း ပြဿနာဆက်လက်ဖြစ်ပွား ခဲ့သည့်အတွက် အသင်းဖော်များက ဖြန်ဖြေပေးခဲ့ရသည်။

နေမာက ပီအက်စ်ဂျီအသင်းဥက္ကဋ္ဌ အယ်ခီလာဖီအား ကာဗာနီနှင့် အတူဆက်လက်ကစားရန် မဖြစ်နိုင်ကြောင်းနှင့် ဥရုဂွေးတိုက်စစ်မှူးကို ရောင်းချရန် အသိပေးပြောကြားခဲ့သည်ဟု စပိန်သတင်းစာက ဆိုသည်။

ပီအက်စ်ဂျီအသင်းသည် ဥရောပတွင်အောင်မြင်ရန် နေမာကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူထားခြင်းဖြစ်ပြီး ကာဗာနီမှာမူ ပီအက်စ်ဂျီအသင်းယခုအဆင့်သို့ရောက်လာရန် တည်ဆောက်ခဲ့ရာ၌ အဓိကနေရာမှ ခြေစွမ်းပြခဲ့သည့် ကစားသမားတစ်ဦးဖြစ်သည်။ ထိုကစားသမားနှစ်ဦးပြေလည်မှုရရှိရန် ပီအက်စ်ဂျီအသင်းပိုင်ရှင်အနေဖြင့် ဆုံးဖြတ်ချက်တစ်ခု ချရတော့မည် ဖြစ်သည်။

ရည်ညွှန်း ဒေးလီးမေးလ်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly