တပ်မတော်ကာကွယ်ရေးဦးစီးချုပ် စစ်တွေ ရောက်ရှိပြီး တိုင်းရင်းသားများ၏လုံခြံုရေး အပြည့်ပေးရန် မှာကြား

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် စစ်တွေ ရောက်ရှိပြီး တိုင်းရင်းသားများ၏လုံခြံုရေး အပြည့်ပေးရန် မှာကြား
ဓာတ်ပုံ- အီးပီအေ

စက်တင်ဘာလ ၂၀ ။                    ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စစ်တွေမြို့သို့ ရောက်ရှိနေပြီး နယ်စပ်ခြံစည်းရိုးကိစ္စ၊ နိုင်ငံသားစီစစ်မှုကိစ္စများ အပါအဝင် တိုင်းရင်းသားများ၏ လုံခြုံရေးကို အပြည့်အ၀ ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နယ်စပ်ဒေသခြံစည်းရိုးများ ကိစ္စများအပြင် ဘူးသီးတောင်၊ မောင်တောဒေသရှိ ဒေသခံတိုင်းရင်းသားများ၊   နိုင်ငံသားများနှင့် ဒေသအတွင်း   နေထိုင်ကြသူများအားလုံးကို လူသားချင်းစာနာထောက်ထားမှုအရ စားသောက်ရေး၊ နေထိုင်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဓိကအားဖြင့် တိုင်းရင်းသားများ၏ လုံခြုံရေးကို အပြည့်အ၀ ဆောင်ရွက်ပေးရမည်ဖြစ်ပြီး လုံလောက်သော အင်အားဖြင့် လုံခြုံရေး ဆောင်ရွက်ရန် ညွှန်ကြားခဲ့ပြီး ထိုသို့ဆောင်ရွက်ရာတွင် ဥပဒေစည်းမျဉ်းစည်းကမ်းများ နှင့်အညီလည်း လိုက်နာရန် မှာကြားခဲ့သည်။

ထို့ပြင် လုံခြုံရေးတပ်ဖွဲ့များအနေဖြင့် သတင်းလက်ဦးမှုရရှိရေးနှင့် လုံခြုံရေးကိစ္စရပ်များ ထပ်မံ အမှားအယွင်း မခံနိုင်သောကြောင့် တာဝန်ရှိသူအဆင့်ဆင့်က အနီးကပ်ကြပ်မတ်ဆောင်ရွက်ရေး၊ နယ်မြေတည်ငြိမ်ရေးများပါ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါဒေသအတွင်းနေထိုင်သူများကိုလည်း NVC ကတ်များထုတ်ပေး၍ နိုင်ငံသားစိစစ်မှုလုပ်ငန်းစဉ်များကို ဆက်လက်လုပ်ဆောင်သွားရန်ပါ မှာကြားခဲ့သည်။

ယမန်နေ့ စက်တင်ဘာလ ၁၉ ရက်က သွားရောက်ခဲ့ခြင်းဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်တို့  စစ်တွေမြို့သို့ အတူလိုက်ပါခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly