အာဖရန်၊ အီရတ် စစ်ပွဲ အရှိန်မြင့်ကာလကထက် ပိုများသည့် ပင်တဂွန်စစ်အသုံးစရိတ်အား ဆီးနိတ်လွှတ်တော် အတည်ပြု

အာဖရန်၊ အီရတ် စစ်ပွဲ အရှိန်မြင့်ကာလကထက် ပိုများသည့် ပင်တဂွန်စစ်အသုံးစရိတ်အား ဆီးနိတ်လွှတ်တော် အတည်ပြု

ဝါရှင်တန်ဒီစီ၊ စက်တင်ဘာ ၁၉ ။           ။ အမေရိကန်ဆီးနိတ်လွှတ်တော်က လာမည့် ဘဏ္ဍာနှစ်အတွက် ပင်တဂွန် စစ်အသုံးစရိတ်ကို အာဖဂန်နစ္စတန်နှင့် အီရတ်မှ စစ်ပွဲများ အရှိန်မြင့်ကာလက စစ်အသုံးစရိတ်ထက် ပိုမိုသော ဘတ်ဂျက်ဖြစ်သည့် အမေရိကန်ဒေါ်လာ ၇၀၀ ဘီလီယံကို စက်တင်ဘာ ၁၈ ရက်က အတည်ပြုလိုက်ပြီ ဖြစ်သည်။

ထောက်ခံမဲ ၈၉ မဲ၊ ကန့်ကွက်မဲ ရှစ်မဲဖြင့် အတည်ပြုလိုက်သော အဆိုပါ စစ်အသုံးစရိတ်တွင် မြောက်ကိုရီးယားနှင့် တင်းမာမှု မြင့်မားနေသည့်ကြား ဒုံးခွင်းဒုံးစနစ်များအတွက် ဒေါ်လာ ၈ ဒဿမ ၅ ဘီလီယံ သုံးစွဲသွားရန် လျာထားသည်။

ပင်တဂွန်ဖွဲ့စည်းပုံ(လက်နက်ဝယ်ယူရေးနှင့် လစာ)တို့အတွက် ဒေါ်လာ ၆၄၀ ဘီလီယံ လျာထားပြီး ၆၀ ဘီလီယံကို အီရတ်၊ ဆီးရီးယား၊ အာဖဂန်နှင့် အခြားဒေသများက စစ်ရေးဆောင်ရွက်မှုများအတွက် သုံးစွဲသွားမည် ဖြစ်သည်။

ပင်တဂွန်အကြီးအကဲ ဗိုလ်ချုပ်ကြီး ဂျိမ်းမတ်တစ် အဆိုပြုသော စစ်အခြေစိုက်စခန်းတစ်ချို့ ပိတ်ရန်နှင့် ဒေါ်လာ ဆယ်ဘီလီယံခန့်အား နျူကလီးယားရေငုပ်သင်္ဘောများနှင့် ထိပ်ဖူးများအတွက် ရင်းနှီးမြုပ်နှံသွားရေး အစီအစဉ်ကိုမူ လွှတ်တော်အမတ်များက ပယ်ချသည်။

ယခု အတည်ပြုသော လာမည့်နှစ် စစ်အသုံးစရိတ်သည် လက်ရှိနှစ် စစ်အသုံးစရိတ် ဒေါ်လာ ၆၁၉ ဘီလီယံထက် သိသိသာသာ ပိုများပြီး ထရမ့်အစိုးရ ကွန်ဂရက်ထံ တောင်းခံသည့် ၆၇၀ ဘီလီယံထက်လည်း ပိုများသည်။

လက်ရှိတွင် ဆီးနိတ်လွှတ်တော်အနေဖြင့် ၎င်း၏ ဘတ်ဂျက်ကို ပြီးခဲ့သည့် သီတင်းတစ်ပတ်က အောက်လွှတ်တော်မှ အတည်ပြုထားသော အလားတူဘတ်ဂျက်နှင့် ချိန်ညှိသွားမည်ဖြစ်ကာ ၂၀၁၈ ဘဏ္ဍာနှစ်အစ ပထမရက် အောက်တိုဘာ ၁ ရက်တွင် အသက်ဝင်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly