ပြီးပြည့်စုံတဲ့ အသားအရေထိန်းသိမ်းမှု အဆင့်ဆင့်

ပြီးပြည့်စုံတဲ့ အသားအရေထိန်းသိမ်းမှု အဆင့်ဆင့်

ရေးသားသူ Dr. Thiha Phyo Myint
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe.

ပြီးပြည့်စုံတဲ့ အသားအရေထိန်းသိမ်းမှု အဆင့်ဆင့်

ကျန်းမာတဲ့ အသားအရေကို ပိုင်ဆိုင်ချင်တယ်ဆိုရင် နေ့စဉ်အသားအရေထိန်းသိမ်းတာဟာ အရေးပါတဲ့ အချက်တချက်ဖြစ်ပါတယ်။အသားအရေကောင်းစွာ ထိန်းသိမ်းခြင်းဟာ နူးညံ့ချောမွတ်တဲ့ အသားအရေကို ပေးစွမ်းနိုင်ရုံသာမက အိုမင်းရင့်ရော်မှုကိုလည်း ကာကွယ်ပေးပါသေးတယ်။ဒီဆောင်းပါးမှာ ပြီးပြည့်စုံတဲ့ အသားအရေထိန်းသိမ်းမှု အဆင့်ဆင့်ကို မျှဝေပေးသွားမှာပဲ ဖြစ်ပါတယ်။

အဆင့် ၁ : မျက်နှာအရေပြားကို သန့်စင်ပါ။

မျက်နှာသစ်ခြင်းဟာ အသားအရေထိန်းသိမ်းရာမှာ သင့်အနေနဲ့ လျစ်လျူမရှုသင့်တဲ့ ပထမဆုံးခြေလှမ်းပဲ ဖြစ်ပါတယ်။ မျက်နှာသစ်ခြင်းဟာ အညစ်အကြေး၊အဆီ၊အရေပြားဆဲလ်အသေတွေ နဲ့ မိတ်ကပ်တွေကို ဖယ်ရှားပေးတာမို့ ဝက်ခြံတွေရဲ့ ရန်ကနေ ကာကွယ်ပေးနိုင်ပါတယ်။ဒါပေမယ့် သင့်အနေနဲ့ မျက်နှာကို အလွန်အကျွံမသစ်သင့်ပါဘူး။ပုံမှန်အားဖြင့် မနက်အိပ်ယာထတခါ နဲ့ ညအိပ်ယာမဝင်ခင် တခါ သစ်ရင် လုံလောက်ပြီ ဖြစ်ပါတယ်။ပထမဆုံးသတိထားရမယ့် အချက်အနေနဲ့ ဝက်ခြံတွေကို ခဏခဏ ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ သင့်လက်မှာ ကပ်တွယ်နေခြင်းမရှိဘဲ သန့်ရှင်းနေဖို့ ဂရုစိုက်ရမှာ ဖြစ်ပါတယ်။အရေပြားအတွင်းပိုင်းထိ စိမ့်ဝင်ပြီး အညစ်အကြေးတွေကို သန့်စင်ပေးနိုင်စေဖို့အတွက် သင့်အရေပြားနဲ့ ကိုက်ညီတဲ့ မျက်နှာသစ်ဆေးကို ရွေးချယ်အသုံးပြုဖို့နဲ့ အနည်းငယ်နွေးတဲ့ ရေနွေးလေးကို အသုံးပြုပြီး မျက်နှာသစ်ဖို့ဟာလည်း အရေးကြီးတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။နောက်ဆုံးအချက်ကတော့ သင့်မျက်နှာလေး တင်းတင်းရင်းရင်း ရှိစေဖို့အတွက် ရေအေးအေးနဲ့ ပြန်ပြီးဆေးပေးရပါမယ်။

အဆင့် ၂ : လိုးရှင်းလိမ်းပါ။

မျက်နှာသန့်စင်ပြီးနောက်မှာ သင့်မျက်နှာလေး နူးညံ့ချောမွေ့ပြီး သဘာဝကျကျလှစေဖို့အတွက် အသားအရေအစိုဓာတ်ကို လုံလုံလောက်လောက်ထိန်းပေးနိုင်တဲ့ လိုးရှင်းတွေ လိမ်းဖို့ လိုအပ်ပါတယ်။ဒီလိုမျိုး အသားအရေအစိုဓာတ်ကို လုံလုံလောက်လောက်ထိန်းပေးနိုင်တဲ့ လိုးရှင်းတွေဟာ နေ့လိမ်းနဲ့ ညလိမ်းဆိုပြီး နှစ်မျိုးရှိတဲ့အတွက် ဒီနှစ်မျိုးလုံးကို အချိန်မှန်မှန် စနစ်တကျ အသုံးပြုပေးမယ်ဆိုရင် သင့်အသားအရေအတွက် အကျိုးထူးမှာပဲ ဖြစ်ပါတယ်။ဒါပေမယ့် သင့်အနေနဲ့ အလုပ်များလို့ပဲ ဖြစ်ဖြစ် အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေကို အများကြီးသုံးစွဲလေ့ မရှိလို့ပဲ ဖြစ်ဖြစ် နှစ်မျိုးလုံး မသုံးချင်ဖူးဆိုရင် ညလိမ်းခရင်မ်တမျိုးတည်းကိုပဲ ရွေးချယ်အသုံးပြုနိုင်ပါတယ်။ဘာလို့လဲဆိုတော့ သင့်အရေပြားဟာ အလှကုန်ပစ္စည်းတွေကို ညဖက်မှာ ပိုပြီး လွယ်ကူစွာ စုပ်ယူနိုင်စွမ်းရှိလို့ပဲ ဖြစ်ပါတယ်။သင့်အသက်အရွယ်နဲ့ အသားအရေ ပုံစံပေါ်မူတည်ပြီး သင့်တော်ရာ ခရင်မ်တွေကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။အထူးသတိထားသင့်တဲ့အချက်ကတော့ သင့်အနေနဲ့ နေ့ဖက်မှာ အပြင်မထွက်ခင် SPF 15 အနည်းဆုံးရှိတဲ့ နေလောင်ခံခရင်မ်တွေ လိမ်းဖို့ပဲ ဖြစ်ပါတယ်။မိုးရွာနေသည့်တိုင် သင့်အနေနဲ့ နေရောင်ခြည်ကြောင့် အသားအရေ ထိခိုက်မှုကို ရှောင်ရှားနိုင်ဖို့အတွက် နေလောင်ခံခရင်မ်ကို မပျက်မကွက် လိမ်းသင့်ပါတယ်။လိုးရှင်းလိမ်းပြီးတဲ့အခါ လိုးရှင်းခရင်မ်ထဲမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေ အရေပြားထဲကို အလျင်အမြန် စိမ့်ဝင်သွားစေဖို့အတွက် မျက်နှာကို အသာအယာ ဖိပြီးနှိပ်နယ်ပေးရပါမယ်။

အဆင့် ၃ : မျက်နှာကို နှိပ်ပေးပါ။

ညအိပ်ယာမဝင်မီတိုင်းမှာ မျက်နှာကို အသာအယာနှိပ်နယ်ပေးဖို့ မမေ့ပါနဲ့။ဒီလို နှိပ်နယ်ပေးခြင်းဟာ မျက်နှာအရေပြားပေါ်မှာ စုပုံနေတဲ့ အညစ်အကြေးတွေကို ကောင်းစွာဖယ်ရှားပေးနိုင်တဲ့အတွက် မွေးညင်းပေါက်တွေကို ကျဉ်းစေပါတယ်။နှိပ်နယ်ရာမှာ စနစ်တကျ ဖြစ်စေဖို့အတွက် မျက်နှာဧရိယာကို နှစ်ပိုင်းပိုင်းပြီး တပိုင်းစီကို နှစ်မိနစ်သုံးမိနစ်လောက် နေ့စဉ်နှိပ်နယ်ပေးနိုင်ပါတယ်။

အဆင့် ၄ : အစားအသောက်နဲ့ နေ့စဉ်လှုပ်ရှားသွားလာမှု

အသားအရေ လှပဖို့အတွက် အထက်မှာ ဖော်ပြခဲ့တဲ့ အခြေခံ အချက်တွေအပြင် အစားအသောက်၊အားကစား နဲ့ လုံလောက်အောင် အနားယူဖို့ဟာလည်း အရေးကြီးလှပါတယ်။သင့်အနေနဲ့ တစ်နေ့ကို ၈နာရီလောက် အိပ်ဖို့လိုအပ်ပြီး အရေးအကြောင်းတွေ ဒါမှမဟုတ် ဝက်ခြံတွေကို ကာကွယ်ဖို့အတွက် အိပ်ရေးဝဝ အိပ်ရပါမယ်။ညဉ့်နက်တဲ့အထိ မနေရပါဘူး။နေ့စဉ်စားသောက်တဲ့ အစားအစာတွေထဲမှာလည်း အသီးအရွက်တွေ၊သစ်သီးတွေ၊ဗီတာမင်နဲ့ သတ္တုဓာတ် ကြွယ်ဝတဲ့ အစားအစာတွေကို ပိုမိုထည့်သွင်းစားသောက်ပေးမယ်ဆိုရင် သင့်အသားအရေအတွက် အထူးကောင်းမွန်ပါလိမ့်မယ်။ဒါ့အပြင် အသားအရေ ချောမွေ့စိုပြေစေဖို့အတွက် တနေ့ကို ရေနှစ်လီတာလောက် သောက်ပေးရပါမယ်။အားကစားလုပ်ခြင်းဟာလည်း သင့်ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေကို အားပေးကူညီတဲ့အတွက် သင့်အသားအရေကို စိုပြေသန်စွမ်းကျန်းမာစေမှာ ဖြစ်ပါတယ်။သင့်အနေနဲ့ လမ်းလျှောက်တာ၊အေရိုးဗစ်ဆော့တာ ဒါမှမဟုတ် ချက်ရင်းပြုတ်ရင်း၊ဖုန်စုပ်ရင်း၊ကြမ်းတိုက်ရင်း အကလေ့ကျင့်ခန်းတွေကို လုပ်လို့ရပါတယ်။

အထက်မှာ ဖော်ပြခဲ့တဲ့ အသားအရေထိန်းသိမ်းခြင်းဆိုင်ရာ အခြေခံအချက်လေးတွေကို အပတ်စဉ်ချေးချွတ်ခြင်း၊မျက်နှာပေါင်းတင်ကပ်ခွါ ကပ်ပေးခြင်း စတာတွေနဲ့ ပေါင်းစပ်ပြုလုပ်မယ်ဆိုရင်တော့ သင့်အနေနဲ့ ကျန်းမာလှပတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာ မလွယ်ဧကန်ပဲ ဖြစ်ပါတယ်။သိသာထင်ရှားတဲ့ အကျိုးအာနိသင်တွေကို ရရှိဖို့အတွက် စိတ်ရှည်ရှည်နဲ့ အချိန်မှန်မှန် ပြုလုပ်သွားဖို့တော့ လိုပါလိမ့်မယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello Sayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly