ဒီဂီယာမှာ မန်ယူအတွက် ကစားရန် ဆန္ဒမရှိကြောင်း ဗန်ဟားလ် ထုတ်ဖော်ပြောကြား

ဒီဂီယာမှာ မန်ယူအတွက် ကစားရန် ဆန္ဒမရှိကြောင်း ဗန်ဟားလ် ထုတ်ဖော်ပြောကြား

သြဂုတ် ၁၄၊ မန်ချက်စတာ ။           ။ ဂိုးသမား ဒီဂီယာမှာ မန်ယူအတွက် ကစားပေးရန် ဆန္ဒမရှိကြောင်း နည်းပြလူးဝစ္စဗန်ဟားလ်က ထုတ်ဖော်ပြောကြားလိုက်သည်။

ရီးယဲလ်အသင်းသို့ ပြောင်းရွှေ့ရန် ဆန္ဒပြင်းပြနေသည့် စပိန်လက်ရွေးစင်ဂိုးသမား ဒီဂီယာသည် မန်ယူအတွက်ကစားရန် ဆန္ဒမရှိကြောင်း ဝန်ခံပြောဆိုခဲ့သည့်အတွက် နည်းပြဗန်ဟားလ်မှာ စပါးနှင့် ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်တွင် အာဂျင်တီးနားဂိုးသမား ရိုမီယိုကို အသုံးပြုခဲ့သည်။

ဗန်ဟားလ်က 'ကျွန်တော်တို့ ဒီဂီယာနဲ့ စကားပြောဆိုခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်ကို သူအပြည့်အ၀ သဘောတူပါတယ်။ ကျွန်တော့်မှာ လက်ထောက်နည်းပြနှစ်ယောက်နဲ့ ဂိုးနည်းပြ တစ်ယောက်ရှိပါတယ်။ အားလုံးတိုင်ပင်ပြီးမှ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာပါ။

ဂိုးနည်းပြ ဖရန်ဟော့က ဒီဂီယာနဲ့တွေ့ဆုံပြီး ကစားဖို့ ဆန္ဒရှိ၊ မရှိမေးခဲ့ပါတယ်။ ဒီဂီယာက မရှိဘူးလို့ ပြန်ဖြေခဲ့ပါတယ်။ အဲ့ဒီနောက်သူ့ကို မသုံးဖို့ ကျွန်တော်တို့ဆုံးဖြတ်ခဲ့ပါတယ်။ အခုဒီဂီယာက အရင်က ဒီဂီယာမဟုတ်တော့ပါဘူး။ ရာသီမစမီ သူ့ရဲ့ ပြင်ဆင်လေ့ကျင့်မှုကို ကျွန်တော်တို့ လေ့လာခဲ့ပါတယ်။ လုံလောက်တဲ့ ကောင်းမွန်မှု မရှိခဲ့ပါဘူး။ ပြီးခဲ့တဲ့ နှစ်ရာသီတုန်းကတော့ သူက ကျွန်တော်တို့ရဲ့ အကောင်းဆုံး ကစားသမားတစ်ဦးပါ' ဟုပြောဆိုခဲ့သည်။

ထို့အပြင် ဗန်ဟားလ်က ဘာစီလိုနာတောင်ပံတိုက်စစ်ကစားသမား ပက်ဒရိုသည် မန်ယူအသင်းလိုအပ်နေသည့် ကစားသမားမျိုး ဖြစ်ကြောင်း ပြောသည်။ ပက်ဒရို၏ အပြောင်းအရွှေ့ကို အတိအကျပြော ဆိုနိုင်ခြင်းမရှိသေးကြောင်းနှင့် ထိုအပြောင်းအရွှေ့ကိစ္စမှာ အသင်း၏ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း ဗန်ဟားလ်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly