သက်ကြီးရွယ်အို ကျန်းမာရေးပြဿနာများအတွက် ရန်ကုန်ဆေးရုံကြီး၊ သက်ကြီးရွယ်အိုဆေးကုဌာန ဌာနမှူး ပါမောက္ခဦးသန်းဝင်းညွှန့် နှင့် တွေ့ဆုံခြင်း အပိုင်း(၁)

သက်ကြီးရွယ်အို ကျန်းမာရေးပြဿနာများအတွက် ရန်ကုန်ဆေးရုံကြီး၊ သက်ကြီးရွယ်အိုဆေးကုဌာန ဌာနမှူး ပါမောက္ခဦးသန်းဝင်းညွှန့် နှင့် တွေ့ဆုံခြင်း အပိုင်း(၁)

နေ့စဉ်လူနာတွေထဲမှာ ၂၀ ရာခိုင်နှုန်းကျော်က သက်ကြီးရွယ်အိုတွေ ဖြစ်ပြီးတော့၊ လေဖြတ်တာက ပထမ၊ နှလုံးရောဂါက ဒုတိယ၊ အဆုတ်ရောဂါက တတိယ၊ ကျောက်ကပ်ရောဂါက စတုတ္ထလောက်နဲ့ ဆေးရုံလာတက်ကြတာပါ။

မဇ္ဈိမ- ဒီနေ့မှာတော့ သက်ကြီးရွယ်အို ပြဿနာတွေကို ဖြေရှာဖို့အတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ သက်ကြီးရွယ်အို ဆေးကုဌာန ပါမောက္ခဌာနမှူး ဦးသန်းဝင်းညွှန့် ကို ဖိတ်ခေါ်ထားပါတယ်ခင်ဗျာ။

Prof: TWN - ကျွန်တော်ကတော့ ပါမောက္ခဒေါက်တာ သန်းဝင်းညွှန့် ဖြစ်ပါတယ်။ ရန်ကုန်ပြည်သူဆေးရုံကြီးရဲ့ အသစ်ဖွင့်လှစ်လိုက်တဲ့ သက်ကြီးရွယ်အို ဆေးကုဌာနမှာ ပထမဆုံး တာဝန်ထမ်းဆောင်ရတဲ့ ပထမဆုံး ပါမောက္ခဌာနမှူး ဖြစ်ပါတယ်။ ကမ္ဘာမှာတင် မကဘဲ ကျွန်တော်တို့ရဲ့ အမိမြန်မာပြည်မှာလဲ သက်ကြီးရွယ်အို ဦးရေက များပြားလာတဲ့အတွက် နိုင်ငံတော်အစိုးရက သက်ကြီးရွယ်အိုတွေကို ထိထိရောက်ရောက် ကုသစောင့်ရှောက်မှူ ပေးဖို့အတွက် ခေတ်မှီတိုးတက်တဲ့ နိုင်ငံတွေကဲ့သို့ပေါ့နော်၊ သက်ကြီးရွယ်အို ဆေးကုဌာန ဖွင့်ဖို့ လိုအပ်ပြီလို့ ယူဆတဲ့အတွက် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ ရန်ကုန်ပြည်သူဆေးရုံကြီးမှာ သက်ကြီးရွယ်အို ဆေးကုဌာနကို သီးသန့် ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီမှာ ကျွန်တော်က ပါမောက္ခဌာနမှူးအနေနဲ့ တာဝန်ယူခဲ့ပြီးတော့ တာဝန်ယူနေဆဲဖြစ်ပြီးတော့ တွဲဖက်ပါမောက္ခဒေါက်တာကိုမင်းဇော်ဦးက ကျွန်တော်နဲ့အတူ လက်တွဲလုပ်ဆောင်နေပါတယ်။

မဇ္ဈိမ - ဒီအစီအစဉ်မှာ ကမကထ လုပ်ပေးတဲ့ 4R Consultancy က အုပ်ချုပ်မှူ ဒါရိုက်တာ Mr.Ravindra Jain သူက ဒီအစီအစဉ်နဲ့ ပတ်သက်ပြီးတော့ အသေးစိတ်လေး အကျဉ်းချုပ်ပြီး ပြောပြချင်တာလဲ ရှိပါတယ်။ သူပြောသွားတာကို ကျွန်တော်ဘာသာပြန်ပေးပါမယ်ခင်ဗျ။

Mr.Ravindra Jain ပြောသွားတာက ပါမောက္ခဆရာဝန်ကြီး ဦးသန်းဝင်းညွှန့်အနေနဲ့ သက်ကြီးရွယ်အို ပြဿနာတွေကို ဖြေကြားပေးဖို့ ဒီအစီအစဉ်မှာ လာရောက် အချိန်ပေးတဲ့အတွက် ကြောင့်မို့လို့ အထူးပဲ ကျေးဇူးတင်ပါတယ်လို့ သူက အရင်ဆုံး ပြောသွားပါတယ်။ ဆရာကြီးနဲ့ ပတ်သက်ပြီးတော့ Mr.Ravindra Jain က ဘယ်လို မိတ်ဆက်ထားလဲဆိုရင် ဆရာဝန်ကြီး ဦးသန်းဝင်းညွှန့်ဟာ လန်ဒန် ကနေပြီးတော့ သက်ကြီးရွယ်အိုနဲ့ ပတ်သက်တဲ့ ပညာရပ်တွေကိုလည်း လေ့လာသင်ယူခဲ့ပြီးတော့ မကြာသေးခင်ကမှ ဖွင့်လှစ်ထားတဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ သက်ကြီးရွယ်အို ဌာနမှာလည်း သူရဲ့ပညာနဲ့ မိဘပြည်သူတွေ သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်ပေးနေပါတယ်။ အဲတော့ ဒီ အစီအစဉ်ကနေပြီးတော့ မိဘပြည်သူတွေ သိချင်တဲ့ သက်ကြီးရွယ်အိုဆိုင်ရာ   မေးခွန်းတွေ ပြဿနာတွေကိုလည်း  ဆရာဝန်ကြီးနဲ့ တိုက်ရိုက်ထိတွေ့ပြီးတော့ မေးမြန်းနိုင်ပါတယ်လို့ သူက ပြောသွားပါတယ်။ နောက်ပြီးတော့ ဒီနေ့ကတော့ ထူးထူးခြားခြား နောက်ထပ် ဆရာဝန်ကြီးတစ်ယောက်ကိုလည်း ဖိတ်ခေါ်ထားပါတယ်။ ဆရာဝန်ကြီးကတော့ အိန္ဒိယကနေ လာတာပါ။ ဆရာဝန်ကြီး နာမည်ကတော့ Dr. G.Amarnath ဖြစ်ပါတယ်။ သူကတော့ ကင်ဆာနဲ့ ပတ်သက်ပြီးတော့ ကျွမ်းကျင်သူဖြစ်တယ်။ ကင်ဆာ ဓာတ်ကုနှုန်းတွေနဲ့ ပတ်သက်ပြီးတော့လည်း ကျွမ်းကျင်တဲ့ ပညာရှင် ဖြစ်ပါတယ်။ မကြာသေးခင်က ကင်ညာနိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ HCG ဆေးရုံကလည်း ကင်ဆာနဲ့ ပတ်သက်ပြီးတော့ ကင်ညာနိုင်ငံမှာ ဖွင့်လှစ်ထားသလို အဲဒီဆေးရုံကလည်း အိန္ဒိယနိုင်ငံမှာ ရှိပါတယ်။ ဆိုတော့ 4R consultancy နဲ့ ဆက်သွယ်ပြီးတော့ ကင်ဆာနဲ့ ပတ်သက်တဲ့ မေးခွန်းတွေလည်း ကျန်းမာရေးစောင့်ရှောက်မှူတွေ ဝန်ဆောင်မှုတွေလည်း ရယူလို့ ရပါတယ်။ Mr.Ravindra Jain ကပြောသွားပါတယ်။ စက်တင်ဘာလအတွင်းက မြန်မာနိုင်ငံမှာ ချစ်ကြည်ရေးလာရောက်ခဲ့တဲ့ အိန္ဒိယဝန်ကြီးချုပ်လာတုန်းကလည်း ကြေငြာချက်တစ်ခု ပြောခဲ့တယ်။ အဲဒါဘာလဲဆိုတော့ မြန်မာနိုင်ငံသားတွေ အိန္ဒိယကို သွားမယ်ဆိုရင် ဗီဇာကင်းလွတ်ခွင့် ရမယ်လို့ ပြောတယ်။ အဲဒါဟာ ဘာကောင်းလဲဆိုတော့ အိန္ဒိယနိုင်ငံကို မြန်မာပြည်ကနေပြီးတော့ ကျန်းမာရေးစောင့်ရှောက်ဖို့အတွက်ကို သွားတဲ့သူတွေအတွက် ဥပမာပေါ့ ကျန်းမာရေးဆေးကုသမှုခံယူရင်း အလည်အပတ်သွားတဲ့ သူလောက်ကို ကုန်ကျစရိတ်တွေလည်း ပိုပြီး သက်သာတယ်ပေါ့နော်။ မြန်မာတွေက ထိုင်းတို့ကို သွားနေတာ ကုန်ကျစရိတ်များတယ်ပေါ့။ အဲတော့ ဒီလိုမျိုး ဗီဇာကင်းလွတ်ခွင့် ရတဲ့အတွက်ကြောင့်မို့လို့ အိန္ဒိယနှင့် မြန်မာကြားမှာ ကျန်းမာရေးစောင့်ရှောက်မှု ပိုပြီးတိုးတက်လာမယ်ဆိုပြီးတော့လည်း Mr.Ravindra Jain က ပြောသွားပါတယ်ခင်ဗျ။

Dr. G.Amarnath  ပြောသွားတာကို အနည်းငယ် အကျဉ်းချုပ်ပြီး ဘာသာပြန်ပေးပါ့မယ်။ Mr.Ravindra Jain ပြောသွားသလိုပဲပေါ့နော်။ HCG ဆိုတာက အိန္ဒိယနိုင်ငံရဲ့ ကင်ဆာစောင့်ရှောက်မှုနှင့် ပတ်သက်ပြီးတော့ လုပ်ကိုင်နေတဲ့ ကျန်းမာရေး အဖွဲ့အစည်းတစ်ခု ဖြစ်တယ်ပေါ့နော်။ ဆိုတော့ အိန္ဒိယနိုင်ငံမှာဆိုရင် ဒီလိုမျိုး ကင်ဆာစောင့်ရှောက်မှုနဲ့ ပတ်သက်တဲ့ စင်တာက ၂၈ ခုရှိတယ်ပေါ့။ ပြီးတော့ ကင်ညာမှာလည်း တစ်ခု ဖွင့်လှစ်ထားတာ ရှိတယ်ပေါ့နော်။ သူက ဗဟုသုတအနေနဲ့ ဘာတွေပြောသွားလဲဆိုတော့ ကင်ဆာဖြစ်ပြီဆိုရင် အများစုက နောက်ကျပြီးမှ လာကြာတာပေါ့။ အဲတော့ ဘာအကြံပေးလဲဆိုတော့ ကျွန်တော် အတိုချုပ်ပဲ ပြောပြပါမယ်။ လူတစ်ယောက်က မဖြစ်ခင် ကြိုတင်ကာကွယ်တာ အကောင်းဆုံးပါပဲ။ သူပြောတာက လူတစ်ယောက်ဟာ ဘဝသက်တမ်းတစ်ခုမှာ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပတ်သက်ပြီးတော့ အရင်ဆုံး စစ်ဆေးတာ လုပ်သင့်တယ်လို့ သူက ပြောပါတယ်။ လုပ်သင့်တော့မှ ကိုယ်က ဘာဖြစ်တယ်ဆိုတာ သိမယ်။ အဲတော့ သူတို့ HCG အနေနဲ့ကလည်း ဒီလိုမျိုး ကင်ဆာနဲ့ ပတ်သက်ပြီးတော့ အကူညီတွေ ပေးချင်တယ်။ ဝန်ဆောင်မှုတွေ ပေးချင်တယ်လို့ ပြောသွားပါတယ်။ ပြီးတော့ ဓာတ်ခွဲခန်းဌာနတွေကလည်း ကင်ဆာနဲ့ ပတ်သက်ပြီးတော့ အဖြေရှာဖို့ ကူညီပေးသွားချင်တယ်လို့လဲ ပြောသွားပါတယ် ခင်ဗျ။

မဇ္ဈိမ - အခု ကျွန်တော်တို့ အစီအစဉ်ရဲ့ ပထမဆုံး မေးခွန်းကို စတင်လိုက်ပါမယ် ခင်ဗျာ။ ဆရာဝန်ကြီးပြောခဲ့တဲ့ ကျန်းမာရေး သက်ကြီးရွယ်အို ဆေးကုဌာနဆိုတာက မနှစ်ကမှ ပေါ်တာပေါ့နော်။ တစ်နှစ်ကျော်ကျော်လောက်ပဲ ရှိအုံးမယ်ပေါ့နော်။ ဆိုတော့ သက်ကြီးရွယ်အို ဆေးကုဌာနအနေနဲ့ အဓိက ဘယ်လိုမျိုး ကျန်းမာရေး ဝန်ဆောင်မှု စောင့်ရှောက်မှုတွေကို ပေးနေတာလဲ ဆိုတာ သိချင်ပါတယ်။

Prof: TWN - ကျွန်တော်တို့ သက်ကြီးရွယ်အို ဆေးကုတာက ၆၅ နှစ် အထက်ပေါ့လေ အမျိုးသား အမျိုးသမီး မည်သူကို မဆို ကျွန်တော်တို့ ဆေးကုသပါတယ်။ ဘာရောဂါပဲ ရှိရှိပေါ့။ ကျွန်တော်တို့ ခွဲစိပ်ရောဂါကလွဲပြီးတော့ ကျန်တဲ့ ဆေးကု၊ ဆေးကျွေး၊ ဆေးတိုက်၊ ဆေးထိုး၊ ကျန်တဲ့ ကုသလို့ ရတဲ့ ရောဂါမှန်သမျှ ကျွန်တော်တို့ ကုသပါတယ်။ အသက် ကန့်သတ်ချက်ကတော့ ၆၅နှစ်ပါ။ တစ်ခြားနိုင်ငံတွေမှာလည်း ဒီလိုပါပဲ။ ကျွန်တော်တို့ရဲ့ သက်ကြီးရွယ်အို စပြီးတော့ စတင်ဖွင့်လှစ်ခဲ့တဲ့ အင်္ဂလန်မှာလဲ ၆၅နှစ်က စပါတယ်။ နောက်ပိုင်းကျတော့ သူတို့က ၆၅ နှစ်လူဦးရေက အရမ်းများလာတဲ့အတွက် ၈၀၊ ၇၀ ထိ သတ်မှတ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ ပျမ်းမျှ လူဦးရေ သက်တမ်းကတော့ ၆၈၊ ၆၅ ရှိတဲ့အတွက် ၆၅ လောက်ပဲ သတ်မှတ်ထားပါတယ်။

မဇ္ဈိမ - ဒီဌာန တစ်နှစ်ကျော်အတွင်းမှာ ဆရာကြီး အတွေ့အကြုံအရ တစ်ရက် တစ်ရက်ကို သက်ကြီးရွယ်အိုတွေ ဘယ်နှစ်ဦးလောက် လာပြီး ဆေးဝါးကုသစောင့်ရှောက်မှု ခံယူကြလဲ။

Prof: TWN - ဒါလည်း ကောင်းတဲ့ မေးခွန်းပါပဲ။ ကျွန်တော် ဒီဌာနကို တာဝန်ယူကတည်းက တစ်နှစ် တစ်နှစ် ဘယ်လောက်လဲ ကိုအောင်သူရ မေးသလို သိချင်တဲ့အတွက် ရန်ကုန်ဆေးရုံကြီးရဲ့ အရေးပေါ်ဌာနသွားပြီးတော့ စစ်တမ်းတွေ ယူတယ်။ တော်တော်များများ အချိန်ယူပြီး လေ့လာတဲ့ အခါမှာ ပျှမ်းမျှ တစ်နေ့ကို အရေးကြီး လူနာပေါ့နော် ဆေးရုံတက်တဲ့ သူတွေထဲမှာ ၁၀၀ ကျော်က ၂၀ ရာခိုင်နှုန်းပေါ့နော် သက်ကြီးရွယ်အိုတွေ ဆေးရုံတက်နေတာ တွေ့ပါတယ်။

မဇ္ဈိမ - ဆိုတော့ ဘယ်လိုရောဂါတွေ အဓိက တွေ့ရလဲ။

Prof: TWN - ဒီဟာလည်း ကျွန်တော့်ရဲ့ ၆လ ၇လ သက်တမ်းအတွင်းမှာ စစ်ဆေးလုပ်ကြည့်တာပေါ့။ အများဆုံးကတော့ ၁၀၀ မှာ ၂၀ ရာခိုင်နှုန်းလောက်က လေဖြတ်တဲ့ လူနာတွေ များပါတယ်။ ကျန်တဲ့ ၂၀ ရာခိုင်နှုန်းက နှလုံးသွေးကြောကျဉ်းတယ်။ နှလုံးအားနည်းတဲ့ ရောဂါ ပေါ့။ နောက် တတိယလိုက်တာကတော့ အဆုတ်ရောဂါပေါ့။ အဆုတ်လေပြွန်ကျပ်ရောဂါ၊ ပန်းနာရင်ကျပ်ရောဂါ၊ အဲတာတွေ လိုက်ပါတယ်။ နောက် စတုတ္ထလိုက်တာကတော့ ကျောက်ကပ်ရောဂါ၊ ကျောက်ကပ်ဖြစ်တာဟာ ဆီးချိုကြောင့်၊ သွေးတိုးကြောင့် သေချာမကုတဲ့အခါမှာ ကျောက်ကပ်က ဖြစ်ပြီး မောလာတာမျိုး အဲတာလဲ လာတတ်ပါတယ်။ ကျန်တဲ့ဟာတွေကတော့ အခြားရောဂါတွေလည်း ရှိပါတယ်။ တန်းစီရရင်တော့ လေဖြတ်တာက ပထမ၊ နှလုံးရောဂါက ဒုတိယ၊ အဆုတ်ရောဂါက တတိယ၊ နောက်တစ်ခုက ကျောက်ကပ်က စတုတ္ထလောက် ရှိပါတယ်။

မဇ္ဈိမ - လေဖြတ်တာကတော့ ဆရာကြီးတို့ ဝန်ဆောင်မှု ပေးရဆုံးပေါ့နော်။ တစ်ခု သိချင်တာက သက်ကြီးရွယ်အို ဆေးကုဌာနမှာ တာဝန်ယူထားတော့လေ  ကျွန်တော် သက်ကြီးရွယ်အို ရောဂါ ဆိုပြီးတော့ သီးသန့်ရှိလား။

Prof: TWN - ကျွန်တော်တို့လည်း ငယ်ငယ်တုန်းက သက်ကြီးရွယ်အို ရောဂါ သပ်သပ်ရှိတယ်လို့ ထင်တာပေါ့လေ။ တကယ့် တကယ် မရှိပါဘူးခင်ဗျ။ လူငယ်တွေမှာ ဖြစ်တဲ့ ရောဂါတွေကပဲ သက်ကြီးလာရင် ပိုပြီးတော့ ပိုဖြစ်တဲ့ ရောဂါတွေသာ ရှိပါတယ်။ ဥပမာ နမူနာ ပြောရရင်တော့ သက်ကြီးရွယ်အိုတွေ မှတ်ဉာဏ်လျော့သွားတာ။ လူအများသိတဲ့ သူငယ်ပြန်တဲ့ ရောဂါ အဲတာတွေကလည်း သက်ကြီးရွယ်အိုရောဂါလို့ တကယ့် တကယ်ပြောလို့ မရပါဘူး။ အဲဒါ မှတ်ဉာဏ်အားနည်းသွားတဲ့ ရောဂါလို့ ခေါ်ပါတယ်။ အဲဒါကို လူတွေက ရှေ့ခတ်အဆက်ဆက်က သက်ကြီးရွယ်အို ရောဂါလို့ ခေါ်ပါတယ်။ အသက်ကြီးရွယ်အိုတွေက အကုန် အများကြီး ရှိပါတယ်။ ကျွန်တော်ပြောခဲ့တဲ့ လေဖြတ်ရောဂါဆိုလည်း သက်ကြီး ဖြစ်တာပဲ။ အဆုတ်၊ ကျောက်ကပ်၊ နှလုံး၊ အသည်း၊ အကုန်လုံးက သက်ကြီးရွယ်အိုမှာ တစ်ဖြေဖြေး ဖြစ်တဲ့ ရောဂါတွေပါ။

မဇ္ဈိမ - ဆရာကြီး မရှင်းပြခင်အထိတော့ ကျွန်တော်ကလည်း အတိတ်မေ့တာတို့ သူငယ်ပြန်တာတို့ ဒါတွေဟာ သက်ကြီးရောဂါ လက္ခာတွေလို့ ထင်တာ ဒါကတော့ မဟုတ်ဘူးလို့ ပြောချင်တာပေါ့။ လူငယ်တွေ ဖြစ်လာတဲ့ အပေါ်မှာ လူကြီးမှာ ဖြစ်တတ်တဲ့ သဘောပေါ့နော်။ လူကြီးဆိုတော့ ကိုယ်ခံအားက ပိုပြီးတော့ နည်းသွားတယ်ဆိုတော့ ဒါတွေက ပိုပြီး ဂရုစိုက်ရမှာပေါ့နော်။

Prof: TWN - အသက်ကြီးလာရင်တော့ လူရဲ့ ကလိစာတွေက အကုန်လုံးက တစ်ဖြေးဖြေး လျော့လျော့ လာပါတယ်။ နှလုံးရဲ့ အလုပ် လုပ်နိုင်စွမ်းအား၊ အဆုတ် အလုပ်လုပ်နိုင်စွမ်းအား၊ ကျောက်ကပ်ရဲ့ အလုပ် လုပ်နိုင်စွမ်းအား၊ အသည်းအလုပ် လုပ်နိုင်စွမ်းအား ရှိသမျှ ကိုယ်ရဲ့ အလုပ် လုပ်နိုင်စွမ်းအားတွေက တစ်ဖြေးဖြေး ကျလာပါတယ်။

မဇ္ဈိမ - ဒီဟာက တစ်နှစ်ကျော်လောက်ပဲ ရှိသေးတာဆိုတော့ သီးသန့်ဘတ်ဂျတ်တွေ ဒီဌာနကို နိုင်ငံတော်က ချထားပေးတာ ရှိလား ခင်ဗျ။

Prof: TWN - အခုထိတော့ ကျွန်တော်တို့ သက်ကြီးရွယ်အို ဆေးကုဌာနကို အထွေထွေ ဆေးကုဌာနရဲ့ အပိုင်းအစတစ်ခုလို့ သတ်မှတ်ပြီး အထွေထွေဆေးကုဌာနရဲ့ ဘတ်ဂျတ်ထဲမှာပဲ ကျွန်တော်တို့က ပါပါတယ်။ သီးသန့်ဘတ်ဂျတ်အနေနဲ့ နိုင်ငံတော် အစိုးရက ချထားပေးခြင်း မရှိပါဘူး။

အပိုင်း (၂) ဆက်လက်ဖော်ပြပေးပါမည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly