အခမဲ့ အထည်ချုပ်သင်ပေးသည့်အပြင် တစ်ရက်လျှင် ကျပ် ၁၈၀၀ ထောက်ပံ့သည့်သင်တန်း ဖွင့်လှစ်

အခမဲ့ အထည်ချုပ်သင်ပေးသည့်အပြင် တစ်ရက်လျှင် ကျပ် ၁၈၀၀ ထောက်ပံ့သည့်သင်တန်း ဖွင့်လှစ်

ရန်ကုန်၊ စက်တင်ဘာလ ၁၉။         ။ အခမဲ့ အထည်ချုပ် သင်ပေးသည့်အပြင် တစ်ရက်လျှင် ကျပ် ၁၈၀၀ ပါ ထောက်ပံ့ပေးသည့် သင်တန်းတစ်ခုအား စက်တင်ဘာလ ၁၈ ရက်နေ့မှစပြီး ပထမဆုံးအကြိမ် မြောက်ဒဂုံမြို့နယ်၊ မင်းရဲကျော်စွာလမ်း၊ အမှတ် ၄၃ ရပ်ကွက်၊ ပင်လုံခန်းမ၊ အောင်မြင်မှု အထည်ချုပ်ကျွမ်းကျင်သင်တန်းကျောင်း စတင်ဖွင့်လှစ်လိုက်သည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီးပြီး ဖွင့်လှစ်သည့် အခမဲ့ အထည်ချုပ် သင်တန်းတွင် အထည်ချုပ်လုပ်ခြင်း၊ ဖြတ်ညှပ်ခြင်း၊ အချောသပ်ခြင်းနှင့် အခြား အထည်ချုပ် ဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းများကို တိုင်းနှင့်ပြည်နယ်များမှ အသက် ၁၈ နှစ်အထက် လုပ်ငန်းအတွေ့အကြုံ လုံးဝမရှိသူများ၊ ကျွမ်းကျင်ဝန်ထမ်း မဖြစ်သေးသူများအား ကျား/မ ခွဲခြားခြင်းမရှိဘဲ လက်ခံသင်ကြားနေခြင်း ဖြစ်သည်။

“ ဒီသင်တန်းဖွင့်ရတဲ့ အဓိကရည်ရွယ်ချက်ကတော့ နှစ်ချက်ရှိပါတယ်။ ပထမအချက်ကတော့ မြန်မာနိုင်ငံ တဝှမ်းကပေါ့ ။ အလုပ်အကိုင်ရှာဖွေနေတဲ့ သူတွေအတွက်ကို အစ်မတို့ကပေါ့ ။ လုံခြုံခိုင်မာပြီးတော့ ဘေးအန္တရာယ် ကင်းရှင်းပြီး ဝင်ငွေကောင်းတဲ့ အလုပ်အကိုင်တွေကို ဖန်တီးပေးဖို့ရယ်၊ နောက်တစ်ခုကျတော့ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းက အရမ်းဖွံ့ဖြိုးတိုးတက်လာတယ်။ အဲ့ဒီလို ဖွံ့ဖြိုးတိုးတက်လာတာနဲ့ အမျှ လုပ်ငန်းထဲမှာ လုပ်ကိုင်ဖို့အတွက် ကျွမ်းကျင်လုပ်သားတွေ အများကြီးလိုအပ်လာပါတယ်။ အဲ့ဒီ ကျွမ်းကျင်လုပ်သား လိုအပ်မှု ကို ဖြည့်ဆည်းနိုင်ဖို့ အဲ့ဒီရည်ရွယ်ချက်နှစ်ခုနဲ့ အစ်မတို့ရဲ့ အထည်ချုပ် သင်တန်းကျောင်းကို တည်ထောင်ရခြင်း ဖြစ်ပါတယ်”ဟု ယင်းအစီအစဉ်ကို စီစဉ်သည့် ပျိုးပင်မှ စီမံကိန်းညှိနှိုင်ရေးမှူး ဒေါ်ကြွယ်ဖြိုးဖြိုးအေးက ပြောသည်။

သင်တန်းသား ၈၂ ဦးကို အထည်ချုပ်အတတ်ပညာများ သာမက လုပ်ငန်းခွင်အတွင်းသိရှိနားလည်စေရန် လိုအပ်သော အထွေထွေဗဟုသုတနှင့် အသိပညာပိုင်းဆိုင်ရာများကို သင်ကြားပေးသွားမည်ဟု သိရသည်။

အဆိုပါ အခမဲ့အထည်ချုပ်သင်တန်းမှာ ၂ လ သင်တန်းဖြစ်ပြီး သင်တန်းပြီးဆုံးပါက အထည်ချုပ်စက်ရုံများတွင် လက်တွေ့လုပ်ငန်းခွင် အနည်းဆုံး ၄ လ ထပ်မံတက်ရောက်ရမည်ဖြစ်ကာ စုစုပေါင်း ၆ လ သင်တန်း ဖြစ်သည်။

“ မနေ့က တစ်ရက်ပဲ တက်ရသေးတယ်။ တော်တော်လေး နားလည်သွားတယ်။ ညီမဆိုရင် ဝါသနာသာပါတာ ဘာမှမသိဘူး။ မနေ့က တစ်ရက်တည်းနဲ့ကို တော်တော်နားလည်သွားတယ်။ ဒီလို သင်တန်းတွေဖွင့်တာ ညီမတို့ လူငယ်တွေအတွက် အရမ်းကောင်းတယ်။ သင်တန်းက အခမဲ့ဖြစ်တဲ့အပြင် ထောက်ပံကြေး ၁၈ဝဝ ကျပ်ပေး တယ်။ နေ့လည်စာပါ ကျွေးတယ်။ နယ်ကလာတက်တဲ့ ညီမတို့လိုမျိုးအတွက်တော့ ပိုအဆင်ပြေတာပေါ့။ နောက်ထပ်လည်း သင်တန်းတွေ ဆက်တိုက်ဖွင့်မယ်လို့သိရတယ်။ အားလုံးကို လာတက်စေချင်တယ်။ ဒီမှာက စာတွေ၊ လက်တွေ့အပြင် စာမေးပွဲလည်း ဖြေရမယ့် အပိုင်းတွေလည်း ပါတယ်”ဟု မွန်ပြည်နယ်၊ မော်လမြိုင်မှ လာတက်နေသည့် မမိုးမိုးအေးက ပြောသည်။

ထိုသို့ သင်တန်း ၂ လပြီးဆုံးပြီး လက်တွေ့လုပ်ငန်းခွင် ၄လ ဆင်းပါက သင်တန်းသားများအား အခြေခံလစာ ပေးသွားမည်ဖြစ်သည်။

အဆိုပါ သင်တန်းအား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ပျိုးပင် ပရိုဂရမ်မှ ပူးပေါင်းဆောင်ရွက်ကာ အောင်မြင်မှုစီမံကိန်းနှင့် အောင်မြင်မှုအထည်ချုပ်ကျွမ်းကျင်မှု သင်တန်းကျောင်းအား သက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံရေးရံပုံငွေ (livelihoods and Food Security Trust(LIFT) မှ ရံပုံငွေ ကူညီထောက်ပံ့ပေးကာ CARE Myanmar၊ ပျိုးပင်နှင့် Business King Myanmar တို့မှ My Jobs နှင့် Legal Clinic Myanmar တို့ဖြင့် ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်သည်။

အခမဲ့သင်ကြားပေးမည့် အထည်ချုပ်သင်တန်းစီမံကိန်းကာလအား ၂၂ လ သတ်မှတ်ထားပြီး နောက်ထပ် သင်တန်း ၂ လစီဖြင့် ၁၀ ကြိမ် ထပ်မံဖွင့်လှစ်မည်ဖြစ်သည်။

သင်တန်းသားများအနေဖြင့် လက်တွေ့လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး ၄ လ ရှိမှသာ မြန်မာ နိုင်ငံသားများ အလုပ်အကိုင်ကျွမ်းကျင်မှုစံနှုန်းသတ်မှတ်ပြဌာန်းရေးအဖွဲ့မှ ကျင်းပပြုလုပ်သော စာမေးပွဲအား ဝင် ရောက်ဖြေဆို ခွင့်ရှိမည်ဖြစ်ပြီး အောင်မြင်ပါက အာဆီယံအဆင့် ကျွမ်းကျင်မှုအောင်လက်မှတ်ကို ရရှိမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly