ကယ်ဆယ်ရေးပစ္စည်းများ တင်ဆောင်လာသည့် ကြက်ခြေနီကား တားဆီးခြင်းခံရမှုနှင့် ပတ်သက်၍ ရှင်းလင်းပွဲပြုလုပ်

ကယ်ဆယ်ရေးပစ္စည်းများ တင်ဆောင်လာသည့် ကြက်ခြေနီကား တားဆီးခြင်းခံရမှုနှင့် ပတ်သက်၍ ရှင်းလင်းပွဲပြုလုပ်

စစ်တွေ၊ စက်တင်ဘာ ၁၉ ရက်။         ။ စက်တင်ဘာလ ၁၆ ရက်နေ့ ည ၉နာရီခွဲ အချိန်က စစ်တွေသို့ ကယ်ဆယ်ရေးပစ္စည်းများ တင်ဆောင်လာသည့် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ယာဉ်တစ်စီးကို ဒေသခံများနှင့် သက်ဆိုင်ရာများက မသင်္ကာမှုဖြင့် တားဆီးလိုက်ခြင်းနှင့်ပတ်သတ်၍ စစ်တွေမြို့တွင် ရှင်းလင်းပွဲ တစ်ခုပြုလုပ်ခဲ့သည်။

စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေးရဟန်း တော်များနှင့် ကြက်ခြေနီအသင်းမှ တာဝန်ရှိသူတို့ မိုးကုတ်ဘုန်းတော်ကြီးကျောင်းတွင် စက်တင်ဘာလ ၁၈ ရက်နေ့ နေ့လည်က တွေ့ဆုံကာ ရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

ယင်းပစ္စည်းများ တင်ဆောင်လာသည့်ယာဉ်မှာ SHN,1B-7156,Nissan Diesel အပြာရောင် ၂၂ ပေ ကားအမျိုးအစား ဖြစ်ပြီး သတ်မှတ်ထားသောအချိန် ကျော်လွန်ကာ ရောက်ရှိလာခြင်းဖြစ်ကြောင်း ရှင်းလင်းပွဲမှသိရသည်။

ထို့အပြင်  ဂိတ်တာဝန်ခံနှင့် ယာဉ်မောင်းကြားဖြစ် သွားသော ကွာဟချက်များကိုလည်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဘေးဒုက္ခစီမံခန့်ခွဲရေးဌာနမှ ညွန်ကြားရေးမှူး ဒေါ်စန်းစန်းမော်က မီဒီယာများသို့ ရှင်းပြသည်။

“ကားကပျက်တော့ နောက်ကျတယ်။ နောက်ကျတော့ ၆ နာရီကျော်မှရောက်တယ်။ ကျမတို့သိုလှောင်တဲ့ ထုံးစံအရ ရုံးကားတွေသည် တာဝန်ချိန်မှာ ၆ နာရီဆိုရုံးက မထွက်ရတော့ဘူး။ ပစ္စည်းအတင်အချမလုပ်ရတဲ့ စည်းကမ်းချက်တွေ ရှိတဲ့အတွက်ကြောင့် ပစ္စည်းပေးမတင်တော့ဘူး။ အဲဒီတော့ ကားသမားက ကျမတို့ ဂိုတောင်မှာ အိပ်ခွင့်တောင်းတယ်။ ကားကရှည်တော့ ကျမတို့ပေးမသိပ်လိုက်ဘူး။ ယာဉ်မောင်းနဲ့ ဂိတ်တာဝန်ခံတို့ကြားကွာဟချက်တို့ကြောင့် ဖြစ်သွားတာပါ။ ဒါပေမဲ့ ကျမတို့မှာ တာဝန်ရှိပါတယ်”ဟု ဒေါ်စန်းစန်းမော်က ဆိုသည်။

ဒေသခံများက ဘင်္ဂါလီများထံ ပစ္စည်းများပို့ဆောင်ရန်သွားသည်ဟု ယူဆကာတားဆီးလိုက်ခြင်းဖြစ် ကြောင်းနှင့် ယင်းကားနှင့်အတူ ပစ္စည်းများကို စစ်တွေမြိ့ မင်းဂံရပ်ကွက်ရှိ မိုးကုတ်ကျောင်းတွင် ထိန်းသိမ်းထားလိုက် ခြင်းဖြစ်ကြောင်းသိရသည်။

ယနေ့စည်းကမ်းထိန်းသိမ်းရေး ဆရာတော်များနှင့် တွေဆုံစဉ် ဘင်္ဂါလီများထံသို့ ပို့ဆောင်ခြင်း မဟုတ်ကြောင်း၊ စစ်တွေဟိုတယ်အနောက်ဖက်သို့ လမ်းမကျွမ်းကျင်၍ ရောက်သွားခြင်းဖြစ်ကြောင်း၊   မြန်မာနိုင်တစ်နိုင်ငံလုံးရှိ တိုင်းနှင့်ပြည်နယ် တို့အား ကူညီစောင့်ရှောက်ပေးနေခြင်းသာဖြစ်ကြောင်း   မြန်မာနိုင်ငံကြက်ခြေနီအသင်းဘက်က ဆွေးနွေးဖြေရှင်းခဲ့ကြသည်။

“ဘုန်းဘုန်းတွေက ဒီလိုမျိုးကယ်သွားတာကိုလည်း အင်မတန်ကျေးဇူးတင်လှပါတယ်။ လူထုကိုလည်း အများကြီးကျေး ဇူးတင်တယ်။ ဒီပစ္စည်းတွေက ဟိုဖက်ဘင်္ဂါလီတွေကို ပို့တာ လုံးဝမဟုတ်ပါဘူး။ ကျမအနေနဲ့ အာမခံပါတယ်။ ကျမဆီမှာ လက်ရှိဝယ်ထားတဲ့ စာရင်းတွေလည်းရှိတယ်။

သံသယဖြစ်လောက်တဲ့ အချိန်မှာရောက်တယ်။ မသွားရမယ့်နေရာကို သွားတယ်။ အဲဒါတွေအတွက် အင်မတန်ယူကျုံးမရဖြစ်ရပါတယ်”ဟု ဒေါ်စန်းစန်းမော်က ဆက်ပြောသည်။

အဆိုပါယာဉ်ပေါ်တွင် ကယ်ဆယ်ရေးပစ္စည်းများဖြစ်သည့် ခြင်ထောင်များ၊ အသက်ကယ်အင်္ကျ ီများ၊ အမျိုးသမီးသုံးပစ္စည်း များနှင့် ကြက်ခြေနီဝန်ထမ်းများအတွက် ဦးထုပ်များ၊ မိုးကာအင်္ကျ ီများ စသည်တို့ကို တင်ဆောင်လာကြောင်းနှင့် ကား ပေါ်တွင်နေရာ ပိုသည့်အတွက် တခြားသူများ၏ ပစ္စည်းများလည်းတင်ဆောင်လာကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly